အသံ

အသံ

 

ပြောရခက်တာမဟုတ်ဘူး ၊ ပြောမထွက်တာမဟုတ်ဘူး

စကားသံတစ်ခုအဖြစ် လက်နက်ကိရိယာ တန်ဆာပလာ

ရှင်ရင်းပျက်နေတဲ့ ကိုယ်ခန္ဓာတွင်းအင်္ဂါတစ်ခုမြုံနေတာ

ဒီမနက်ခင်းမှာလည်း စကားသံဟာ လွှစက်ထဲထိုးကျွေးတဲ့ သစ်ပင်ပမာ

ဝါကျတစ်ကြောင်းပြည့် ကိုယ်ပြောချင်တာ

ကိုယ့်လည်ကို ကိုယ်လှီးမှ ရတော့မလိုပဲလား

မြုပ်နေတဲ့ ငုတ်လိုအနက်တစ်ခုမှာ ဇက်ပြတ်ကြီးငြိပြီး ထစ်နေတဲ့အသံ

ဆူဆူလျံလျံတွေပဲ ပဲ့တင်ကန်ထုတ်တဲ့ နံရံအသံညံညံဖန်ဖန်တွေ

အရေးထဲ ပါဝင်ပြောဆိုခွင့်မရကြတဲ့

`ပျက်ဆီးချို့ယွင်း´ ၊ `ဘောင်မ၀င်စံမမီ´ ၊ `အရည်အသွေးမပြည့်´

ဖဲ့ထုတ်ခံရတဲ့ `ကျိုးပဲ့အက်ကွဲ´ စကားသံတွေ

တွေ့ကြုံရသမျှထဲ ၀င်ပူးခြောက်လှန့်နေတဲ့ စုန်းကဝေပဲဆိုပါစို့

`တစ္ဆေဆိုတာငါပါပဲ´ အရင်လတ်လတ်ကြီးဝင်လာတယ်

သောင်ပြင်မှာ သဲပူလျှပ်ပြီး အသက်အအနဲ့ သေသွားတယ်

မမြင်ရတဲ့ အသံတစ်ခုတွန်းရွေ့နေတာဘာသံလဲ

ကြည့်လိုက်တိုင်းမှာ ဘာဖြစ်လို့ အသံဟာ အရိပ်လျှိုသွားတာလဲ

နာကျင်မှုရဲ့ အသံဟာ ဘာရုပ်ဆိုလားထွက်သတဲ့

သံတိုသံစတွေလို အသံအစအနလေးတွေ အအ အိပ်မက်ထဲပွားနေသံ

စိမ်းပုပ်ရေညှိထဲက တပွက်ပွက် ထအော်မြည်နေသံမှန်ထဲမှာ

ကိုယ့်နာမည်ကိုယ်မနဲပြန်ခေါ်ပြီး

ကိုယ့်ကိုယ်ကို မနိုင်မနင်းဆွဲထုတ်နေတဲ့အသံ

ဘယ်ဘက်တလျှောက် –1 ၊ –2 ၊ –3 . . .

ညာဘက်တလျှောက် +1 ၊ + 2 ၊ +3 . . .

လည်ချောင်းထဲထည့်သွင်းတပ်စင်ထားတဲ့ ချုံ့သံ ၊ ချဲ့သံ

ရုတ်တရက် အထိအခိုက်မှာ

ကိုယ့်ကို လွတ်အောင်ဘယ်ဆွဲခေါ်ရမှန်းမသိတဲ့

သွေးရူးသွေးတမ်း စိတ္တဇ စိပ်မွှာ လွင့်ကွဲသံ

အရှုံးအထိမှာ ပဋာမြေလူး ၊ ရူးသွပ်ရုန်းငြိသံ

တိမ်ကင်းစင် ကောင်းကင်ပြာကြီး တစ်ခုလုံး

ငြိမ်းအေးချမ်းသာစွာ ဇာတ်လမ်းဆင်

ကြည်လင်ရှင်းသန့် တောင်ကျချောင်းရေ တသွင်သွင်နောက်ကွယ်မှာ

တစ်စက္ကန့်အလိုတာစူနေတဲ့ ချိန်ကိုက်ဗုံး

အသံအိုးထဲ သံတစ်ချောင်းလုံး ရိုက်သွင်းခံလိုက်ရတဲ့အသံ

ဘာသာစကားဦးထဲ ကလေးငယ်ရဲ့ သရသစ်တွေ တီထွင်သံ

 

 

 

 

ဇေယျာလင်း

`လွတ်လပ်ရေး´နေ့ ၂၀၁၄


ဘ၀ရဲ့အလှ

ဘ၀ရဲ့အလှ

 

ငါဘယ်သူလဲဆိုတာရှိသေးရဲ့လား ဘ၀ဆိုတာရေ

သက်တမ်းလယ်အကြပ်အတည်းထဲ

ငါဒီနေ့ရောက်နေတယ်ဇေဇေရာ . . .

၅၀ ကျော်မှာ ဇရာဟာ ငါ့အောက်ပိုင်းကိုရသွားပြီ

ရေထဲသေပြီးသိုးနေတဲ့သိုး

ဒါကို  တာအိုက  ဘာပြောသလဲ

ဘ၀မှာ

ပန်းတိုင်ဆိုတာ

မရှိဘူးတဲ့

တာအိုဟာ တာအိုမဟုတ်ဘူးတဲ့ . . . ကောင်းရော

ဒီမှာတော့ဖြင့်

ဆံပင်လည်းပြောင်ပြီ

ဗိုက်လည်းရွှဲပြီ

အရေတွေလည်း

တွန့်ကုန်ပြီ            ဟိုကောင်ကလည်းဇောက်ထိုးချည့်ပဲ

လက်အဲလောက်ကြိုက်တဲ့ကောင်

လက်ကိုတောင်မခံတော့ဘူးတဲ့

အရက်အလွန်အကျွံသောက်

မှန်ကြည့်ပြီးစိတ်ကြီးသေ

အိမ်ထောင်အရည်အသွေးဟာ

ကြောက်ခမန်းလိလိဆင်းရဲမှု မျဉ်းအောက်ရောက်

စိတ်ကူးအိပ်မက်တွေဟာ

ရေချိုးခန်းအိမ်သာထဲမှာပဲပြီးသွားတယ်

၁၉၂၂ မှာတင်ပဲအလှတရား

အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်ဟာ

၁၆ ခုထက်မနည်း ရှိနေပြီ

ငါနဲ့ တစ်ခုမှ မဆိုင်တော့ဘူး

သာမိုဒိုင်နဲမစ်က်စ်ရဲ့ ဥပဒေသတွေ

အို – နာ – သေ တရားသဘောတွေ

ဦးဏှောက်ဆဲလ်တွေ အချိန်မရွေး

သေကြေပျက်ဆီးသွားရတာတွေ

၁၈၆၀  ၊ ဘာမင်ဂမ်မြို့မှာ

ထုတ်လုပ်တဲ့ တူအမျိုးအစား ၅၀၀ ဟာ

၅၀ ကျော်  ကားလ်မာက့်စ်ကို တုန်လှုပ်ခြောက်ခြားသွားစေတယ်

မမြင်သာတဲ့ အတွင်းပိုင်းအရွေ့ဟာ ပိုဆိုးတယ်

ဖိဆီးမှုထဲ အချိန်ပိုဆင်း

ပစ်ချလို့မရတဲ့ မနိုင်ဝန်ထမ်း

နေ့စဉ်ဘ၀က နှုတ်ထွက်ချင်တဲ့ရေမည်းကြီး

၇၆% ယောက်ျားတွေ ဒါကိုဖိဖိစီးစီးခံရတယ်

ဘာတွေကို ယုံကြည်ခဲ့သလဲပြန်စစ်ကြည့်တော့

ဘာမှဟုတ်တိပတ်တိထွက်မလာဘူး

ခေတ်သစ်ကျောက်ခေတ်ရဲ့ ရေမျက်နှာပြင်မှာ

သွေးတွေစွန်းကွက်နေတဲ့ တိုင်းပြည်ရဲ့ ပုံရိပ်ဟာတလှုပ်လှုပ်

ဘယ်လောက်လှည်းလှည်း သဲဟာ ငါ့ကိုယ်ခန္ဓာဖွဲ့စည်းမှုပဲဖြစ်တယ်

ငါ့အသည်းပေါ်ဘာကောင်တွားသွားနေပါလိမ့်

အိမ်ထောင်ရေးအဆင်မပြေဘူး      ကွဲသွားတယ်

ငယ်သူငယ်ချင်းနဲ့

ရည်စားပြန်ထားတယ်          ကွဲသွားပြန်တယ်

ပြင်းပြင်းထန်ထန်ဝိပဿနာလိုက်ရမလား

အက်ဆီတမီနို ဖဲန်ဆေးတွေ နင်းကန်သောက်ရမလား

ပေါင်လည်ထိရေထဲဆင်းပြီး

ငါးပဲမျှားနေရတော့မလား

သွားကြားညပ်နေတဲ့ အသားစပုပ်ဟာ

သေခြင်းတရားရဲ့ အနံ့ပဲ

ပြိုင်ကားတစ်စီးဝယ်              ရွှေဆွဲကြိုးဆွဲ

နောက်ဆုံးပေါ်တွေနဲ့ လိင်လုပ်

ကိုယ်ထဲ

သကြားရည်တွေလောင်းထည့်လည်း

ပင့်သက်ကတော့ မချိုမြိန်တော့မှန်းသိသိကြီးနဲ့

သိလာတယ် –– ငွေရေးကြေးရေးဟာလည်း ––

အော်သံတွေနဲ့အက်ကြောင်းတွေကြား

အလုပ်လုပ်ပြရတာတွေ

ရွေ့လျားမှုဟာ လားရာတစ်ခုတည်း

ဘယ်သူပြောသလဲ –– ခြေသလုံးမွေးမီးလောင်ပဲ ––

မျက်နှာကျက်နဲ့ အမိုးကြားက

ခိုတွေရဲ့ ငြီးငွေ့ဘွယ်ဘာသာစကား

ပြူတင်းမှန်တွေမှာ

ခိုချေးတွေ

အထပ်လိုက်

(နောက်ထပ်အနက်ကောက်မှုတွေ)

ပျော်ရွှင်မှုဆိုတာ

သစ်သားထဲရိုက်သွင်းလိုက်တဲ့

သံချောင်းရဲ့ နေရာယူဖို့ ဖဲ့ထုတ်မှုအစအနတွေ

ငါ့အရန်ဒွိဟထဲက သွေးအမျိုးအစားဟာ

ငါ့ကိုလာဗျူးနေပြန်တယ်

ဦးထုပ်ကို ၂၄/၇ စောင်းပြီး

အုံ့မလိုလင်းမလိုနဲ့ မိုးလေဟာလည်း

ပုံသဏ္ဍာန်မဲ့ ပျံ့နှံ့လာခြင်းရဲ့ ဖွဲ့စည်းဆဲ ဗိသုကာ

အား . . . ခေါလက်စတရောလ်နတ်သမီး

ယူရစ်က်အက်ဆစ်များနေတဲ့ နတ်သုဒ္ဓါ

ကြွေကိုပစ်ဖို့ အလှည့်ကျတာကတော့ ကံပဲဖြစ်ပါတယ်

နှလုံးသားရေ . . . အဆီဖုံးလိုကဖုံးနိုင်ပြီ

ဦးဏှောက်ရေ . . . သွေးကြောပိတ်လိုက ပိတ်နိုင်ပြီ

ဆံပင်နောက်သပ်ပြီး ဆောက်ရမ်းဂေါ်တဲ့

အသက် ၅၀ ကျော်ကြီးတစ်ယောက်ပေါ့

သူ့အသက်ထက်ဝက်ကျော်ငယ်တဲ့ စကီလေးနဲ့

နေ၀င်ရာအရပ်ဆီမော်တော်ဆိုင်ကယ်

ဗရူးမ် ဗရူးမ်နဲ့ မောင်းထွက်သွားတော့တယ်

ငါဘာလုပ်လုပ်

(လုပ်လို့ရလို့ လုပ်တာပဲဟာ လုပ်လို့ရလို့ လုပ်တာပေါ့)

မင်းတဟားဟားရယ်နေမှာကို သိပြီးကတည်းကပေါ့

ဘ၀ဟာ နေ့တ၀က်ကျိုးခဲ့တယ်။                       ။

 

 

 

ဇေယျာလင်း

16 – March – 14

 

 


ဟုတ်တယ် ၊ ငါဟာ ဟမ်ဘာဂါ

ဟုတ်တယ် ၊ ငါဟာ ဟမ်ဘာဂါ

 

ဟုတ်တယ် ၊ ငါဟာ ဟမ်ဘာဂါ

ငါဟမ်ဘာဂါဖြစ်တာ ငါ့ရဲ့ ကိုယ်ပိုင်လက္ခဏာ

ဟမ်ဘာဂါဖြစ်ရတာ ငါ့မှာ ရှက်စရာဘာမှမရှိဘူး

သိမ်ငယ်စရာမရှိသလို စိတ်ကြီးဝင်စရာလည်းမရှိဘူး

၎´´အချင်းရှိတဲ့ ပေါင်မုန့်အ၀ိုင်းကို အလယ်က တိတိခွဲ

အပေါ်သားကို လှန်လိုက်ပြီး အောက်သားပေါ်ဆလပ်ရွက်

ချီးစ်တစ်ပြား ၊ ၀က်သားပြား ၊ အမဲသားပြား ၊ ကြက်သားပြား

ဒါမှမဟုတ် ဘာသားတွေထည့်ကြိတ်ထားမှန်းမသိတဲ့

အသားပြားကျော် ၊ ကြက်သွန်နီအကွင်းလိုက် ၊ သခွားအကွင်းလိုက်

မရွန်းနေ့စ် ဖြူဖြူတွေ ၊ မုန်ညင်းအနှစ်ဝါ၀ါတွေ

အရောင်ကလေးနဲ့ အရသာကလေးစုံသွားအောင် (ပိုပြည့်စုံအောင်)

ခရမ်းချဉ်သီးဆော့စ်နီနီတွေ ညှစ်ထည့်

အပေါ်သားနဲ့ ပြန်ဖုံးပြီး . . . . .

ကိုယ်ပြောချင်တဲ့ စကားတွေပြောခွင့်မရတဲ့

အဲဒီမလွတ်လပ်တဲ့ ပါးစပ်ကြီးကို အားပါးတရဟ

ဟ         ဟ         ဟဦး

အမှန်တရားဆိုတာတွေ အားလုံးကို သိမ်းကြုံးစားပစ်မလို

ဟပြီး ဟမ်ဘာဂါ တစ်ဘက်ကိုသွပ်ထည့်

အချို့ဆို ပါးစပ်ထဲ အ၀တ်စသွပ်ထည့်ပြီး နှိပ်စက်ခံရတာ

အဓမ္မကျင့်ခံရတာ ရုပ်ရှင်တွေထဲ မြင်ဘူးမှာပေါ့

သွပ်ထည့်ပြီး ကိုက်ချလိုက်စမ်းပါ

ပယ်ပယ်နယ်နယ်နဲ့ လည်လည်ဝယ်ဝယ် ကိုက်ညှပ်လိုက်စမ်းပါ

လျှာပေါ်က အရသာဖုတွေ ဖူးတင်းပြဲဟ စိုစွတ်ပြီး

ဖြူနီဝါဆော့စ်တွေ တံတွေးနဲ့ အရောင်ရောသွား

နှုတ်ခမ်းသားတစ်ဘက်ကနေဗြစ်ကနဲ စီးကျလာအောင်

ကိုက်ချပြီး ၀ါးချလိုက်စမ်းပါ

ဝီလျံကားလော့စ် ၀ီလျမ်းစ်ရဲ့ ‘You taste good to me’

ကဗျာလိုင်းလို `အား ၊ မင်းဟာ ငါ့အတွက် အရသာရှိလိုက်တာ´

`အား ၊ မင်းဟာငါ့ကို အရသာတွေပေးစွမ်းနိုင်လိုက်တာ´

အရသာရဲ့ အနက်အဓိပ္ပါယ်ကိုယ်တိုင်ဟာ အရသာပဲဖြစ်တယ်

ဘာ တက္ကိကဗေဒ ၊ ဘာဒဿန ၊ ဘာယုံကြည်စွဲလမ်းမှုမှမလိုဘူး

ဘာသီအိုရီ ၊ ဘာနည်းစနစ် ၊ ဘာတက္ကနိမှမလိုဘူး

ငါ့ကိုကိုက်ပါ ငါ့ကိုစားပါ  ငါ့ကို အရသာခံယူပါ

ငါပေးစွမ်းနိုင်တာလည်း ငါ့ကိုစားစေခြင်းပဲဖြစ်တယ်

ငါဟာ ရန်ကုန်ကိုစားတယ် လန်ဒန်ကိုစားတယ်

နျူးယောက် ၊ ပါရီ ၊ ဘန်ကောက် ၊ စင်္ကာပူ

ကမ္ဘာကြီးကို ဟမ်ဘာဂါလို မြိန်ရည်ယှက်ရည်

စားပစ်တယ် ၀တ်လစ်စလစ်အတိုင်းစားပစ်တယ်

Coca Cola ပြီးရင်မကြာခင် Mc Donald’s

လာတော့မယ့် Burger King လာတော့မယ်

ကမ္ဘာ့ဓနရှင် အစားအစာထုတ်လုပ်မှုတွေလာတော့မယ်

ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို ကိုက်စားရတော့မယ်

မစားရ၀ခမန်း ၀မ်းမပြည့်အရသာမတွေ့လည်းစားရတော့မယ်

စားရချိမ့်

ငါဟာ ဟမ္ဘာဂါ သင္လည္း ဟမ္ဘာဂါ

`မင္းလားကြ ဟမ္ဘာဂါ´လည္း ဟမ္ဘာဂါပါပဲ

အဲဒီပါးစပ်တွေ ၊ အဲဒီသွားတွေ အသင့်သာပြင်ထားလော့

သင်တို့ကို ဟမ်ဘာဂါလို စားပစ်ကြတော့မယ်။        ။

 

 

 

ဇေယျာလင်း

၆ ၊ ဇန်န၀ါရီ ၊ ၁၄

 


၂၀၁၄ ကမ္ဘာ့ကဗျာနေ.သို.

၂၀၁၄ ၊ ကမ္ဘာ့ကဗျာနေ့ သို့

 

မြန်မာကဗျာနဲ့ မြန်မာကဗျာလောကအတွက် မင်္ဂလာရှိတဲ့ ၂၀၁၄ ကမ္ဘာ့ကဗျာနေ့မှာ အခုလိုစကားနည်းနည်းပြောခွင့်ရတဲ့အ တွက် အများကြီးကျေးဇူးတင်ပါတယ်။ အရင်ဦးဆုံး ၊ မြန်မာကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ နှင့်တကွအခြား တာဝန်ရှိသူအားလုံး နဲ့အတူ ကဗျာညီအကိုတွေနဲ့ ဧည့်ပရိသတ်တို့ပါကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒီစာဟာ စာတမ်းမဟုတ်သလို လုပ်ငန်းလမ်းညွှန်လည်းမဟုတ်ပါဘူး။ ကျွန်တော့် ၂၀၁၂ – ၂၀၁၃ နိုင်ငံတကာ ကဗျာပွဲတော် တွေတက်ရောက်ခွင့်ရခဲ့တဲ့အတွေ့အကြုံတွေထဲက တွေးမိတွေးရာလေးကို ဖေါက်သည်ချတဲ့ သဘောလောက်ပဲဖြစ်ပါတယ်။ အံ့ဩစရာ တွေပါမှာမဟုတ်သလို ထိတ်လန့်တုန်လှုပ်စရာတွေလည်းပါမှာမဟုတ်ပါဘူး။

ကဗျာဟာ ကမ္ဘာကြီးကို တိုက်ရိုက်မပြောင်းလဲနိုင်ပေမယ့် ကမ္ဘာကြီးရဲ့အလှည့်အပြောင်းတွေဟာ သိမှုအလှည့်အပြောင်းတွေနဲ့ အတူကဗျာမှာလည်း အလှည့်အပြောင်းတွေဖြစ်လာတယ်ဆိုတာ ကဗျာဆရာတွေသိပြီးသားဖြစ်ပါတယ်။ ဘာတွေဘယ်လိုပဲလှည့်ပြောင်း စေဦးတော့ ကဗျာဆရာအတွက် မပြောင်းလဲတဲ့ မေးခွန်းတွေကတော့ရှိစမြဲပါပဲ။ အဲဒီမေးခွန်းတွေထဲမှာ ပါဝင်တာအချို့ထုတ်ပြရရင်(တစ်) ဘာလို့ကဗျာရေးတာလဲ ၊(နှစ်) ကဗျာကိုဘယ်လိုရေးသလဲ ၊ (သုံး) ကဗျာဆရာ- ကဗျာ- ကဗျာဖတ်ပရိသတ်ဆိုတဲ့ဆက်သွယ်မှုကွန်ယက် ကို ဘယ်လိုချဲ့ထွင်မလဲ။ ဒီမေးခွန်းတွေကို ကာယကံရှင်ကိုယ်တိုင်ကပဲချဉ်းကပ်ဖြေရှင်းရမှာလည်းဖြစ်ပါတယ်။ ဘယ်ဒေသန္တရဂိုဏ်းဂဏ ပဲဖြစ်စေ ၊ အယူဝါဒဂိုဏ်းဂဏပဲဖြစ်စေ ၊ ကဗျာဗေဒဂိုဏ်းဂဏပဲဖြစ်စေ ၊ နောက်ဆုံးသူများတွေနဲ့မတူချင်လွန်းတဲ့ ဂိုဏ်းဂဏစွဲ ဂိုဏ်းဂဏ ပဲဖြစ်စေ ၊ ဘယ်ဂိုဏ်းဂဏကမှ ကာယကံရှင်ကဗျာဆရာကိုလွှမ်မိုးချုပ်ကိုင်ပြီး သူ့ကလောင်လက်ကို မောင်းနှင်လို့မရပါဘူး။

ကဗျာဆရာတွေဟာ လွတ်လပ်မှုကို မြတ်နိုးကြတယ်လို့ပြောစမှတ်ပြုကြပါတယ်။ လွတ်လပ်မှုရဲ့အနက်အဓိပ္ပါယ်အမျိုးမျိုးနဲ့ လွတ်လပ်မှုအမျိုးမျိုးထဲက ကဗျာဆရာရဲ့လွတ်လပ်မှုကို `လွတ်လပ်စွာရွေးချယ်မှု´လို့ ကျွန်တော်မြင်ပါတယ်။ ကဗျာအနုပညာ Poetry ဟာ နာမ်သဘောဖြစ်ပြီး ကဗျာပုဒ် poem ဟာ ရုပ်သဘောဖြစ်ပါတယ်။ ဘယ်ကဗျာပုဒ်မဆိုကို အနှစ်ထုတ်လိုက်ရင် ရွေးချယ်ခြင်း Choice နဲ့ တွဲချိတ်ခြင်း Connection ကိုတွေ့မှာဖြစ်ပါတယ်။ အသိ ၊ အတွေး ၊ အာရုံ ၊ ခံစားမှုကိုရွေးချယ်ရတယ် (သို့မဟုတ်) ရွေးချယ် ခံရတယ်။ တစ်ဆက်တည်းမှာပဲ ရေးဖွဲ့ပြုလုပ်ပုံပြုလုပ်နည်းတွေထဲက ရွေးချယ်ရပြန်တယ်။ စကားလုံး ၊ အသံစတဲ့ ဘာသာစကားပစ္စည်း တွေ ကိုလည်းရွေးချယ်ရပါတယ်။ ဒီရွေးချယ်မှု ၃ မျိုးဟာ ဘယ်ဟာအရင်လာလဲလို့ပြောရခက်သလို တပြိုင်တည်းလည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရွေးချယ်မှုပြီးရင် တွဲချိတ်မှုပြုလုပ်ရပါတယ်။ အတွေး ၊ အာရုံဆက်စပ်မှု ၊ စကားလုံးတွဲချိတ်မှု ၊ လိုင်းပါဒတွဲချိတ်မှု ၊ ပိုဒ်တွဲချိတ်မှု ၊ တစ်ပုဒ်လုံးကို အစအဆုံးပြုလုပ်ဖွဲ့စည်းမှု။ ဘယ်ကဗျာပုဒ်မဆိုရဲ့အချုပ်ဟာ ဟောဒီရွေးချယ်မှုနဲ့ တွဲချိတ်မှုပဲဖြစ်ပါတယ်။ ဒီရွေးချယ်မှုနဲ့ တွဲချိတ်မှုရဲ့ ရလာဒ်ကို `ကဗျာ´လို့ခေါ်ပါတယ်။ ဒီကဗျာကို ပြုလုပ်သူဟာ ကဗျာဆရာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကဗျာဆိုတာ က၀ိပစ္စည်းလို့ခေါ်တာဖြစ်ပါတယ်။ ကဗျာဆရာ က၀ိပြုလုပ်တဲ့ ပစ္စည်းဟာ ကဗျာဖြစ်ပါတယ်။

ကဗျာစရေးတဲ့အချိန်ကနေ စိုက်လိုက်မတ်တတ်ဆက်ရေးသားပြုလုပ်လာခဲ့ရင် တစ်ချိန်ချိန်မှာ မရှက်မကြောက်ပဲ ရိုးရိုးသား သားနဲ့ မိမိကိုမိမိ `ကဗျာဆရာ´လို့ယုံကြည်လက်ခံလာကြတာဖြစ်ပါတယ်။ ဘာမှ မာနတက်စရာမရှိသလို သိမ်ငယ်စရာလည်းမရှိပဲ ကိုယ်ဟာ ကဗျာဆရာဆိုတာကို ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ခံယူရဲလာတာ ၊ ပြောရဲလာတာဖြစ်ပါတယ်။ ကိုယ့်ကဗျာနဲ့ကဗျာကိစ္စပေါ် တာဝန်ယူရဲ လာတဲ့ သူလည်းဖြစ်လာပါတယ်။ ကျွန်တော်ဟာ အဲသလိုကိုယ့်ကိုကိုယ်ကဗျာဆရာလို့ ရိုးရိုးသားသားနဲ့ ယုံယုံကြည်ကြည် ပြောနိုင်ဖို့ နှစ်ပရိစ္ဒေတွေနဲ့အညီတွေ့ကြုံမှုနဲ့ ၀မ်းစာတို့ပေါင်းစပ်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ အခုဒီမင်္ဂလာရှိတဲ့ကဗျာပွဲမှာ တက် ရောက်လာကြတဲ့ ကဗျာဆရာတွေလည်း ကျွန်တော့်လိုပဲ ကိုယ့်ကိုကိုယ် `ကဗျာဆရာ´လို့ရဲရဲဝံ့ဝံ့တာဝန်ယူပြောရဲကြသူတွေဖြစ်ကြလိမ့် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲသလိုပဲ ၊ ကျွန်တော်တက်ရောက်ခဲ့တဲ့ ယူကေ ၊ ယူအက်စ် ၊ ထိုင်း ၊ စင်္ကာပူ ၊ ဟောင်ကောင် ကဗျာပွဲတွေ မှာလည်း ကျွန်တော်နဲ့ လာမိတ်ဆက်ကြသူတွေဟာ I am a poet လို့ သူတို့ကိုသူတို့ ယုံယုံကြည်ကြည်နဲ့ ရဲရဲဝံ့ဝံ့ပြောကြ သူတွေဖြစ်ပါတယ်။

ကံအကြောင်းတိုက်ဆိုင်လို့ပါဆိုပါတော့ ၊ ကျွန်တော်ဟာ နိုင်ငံတကာကဗျာပွဲတွေမှာ နိုင်ငံတကာကဗျာဆရာတွေနဲ့ လူချင်း တွေ့ဆုံရင်းနှီးခဲ့ရပါတယ်။ နိုင်ငံတကာကဗျာအသိုင်းအ၀ိုင်းဖြစ်တဲ့ international poetry world ထဲမှာ ကျွန်တော်ဟာ တစ်ဦးအပါအ၀င် ဖြစ်သွားတယ်ဆိုပါတော့။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတာ နိုင်ငံတကာကဗျာလောကဆိုတာဘာလဲပေါ့။ နိုင်ငံအသီးသီးက ပြည်တွင်း ကဗျာဆရာတွေနဲ့ ပြည်ပနိုင်ငံတကာ ကဗျာဆရာတို့ ဘယ်လိုပတ်သက်ဆက်စပ်ကြသလဲ။ ပြည်တွင်းကဗျာဟာ နိုင်ငံတကာ ကဗျာ စာရင်းထဲ ဘယ်လိုဝင်ပြီး ပြည်တွင်းကဗျာဆရာဟာ နိုင်ငံတကာကဗျာဆရာဘယ်လိုဖြစ်သွားသလဲ။ ဒီနေရာမှာလည်း အထက်ကပြော ခဲ့တဲ့ Choice နဲ့ Connection ကိုသွားမြင်ပါတယ်။ ဒီရွေးချယ်မှုနဲ့ တွဲချိတ်မှုဖြစ်လာစေဖို့ တံတားခင်းပေးတာကတော့ ဘာသာပြန် translation ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၀န်းကျင်မှာဆိုရင် မြန်မာကနေ အင်္ဂလိပ်ဘာသာပြန်ခြင်းပေါ့။

နိုင်ငံအသီးသီး ၊ ဘာသာအသီးသီးက အင်္ဂလိပ်ဘာသာပြန်ပြီး ထုတ်ဝေလိုက်တဲ့ ကဗျာစာအုပ်/ကဗျာပုဒ်အစုအဝေးဟာ ဘာသာပြန်ကဗျာလောကရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဒီလိုနိုင်ငံအသီးသီး/ဘာသာစကားအသီးသီးကနေ အင်္ဂလိပ်လိုဘာသာပြန်လိုက်တဲ့ အခါ ဘာသာပြန်လောကထဲရောက်သွားကြပေမယ့် နိုင်ငံတကာ ကဗျာလောကထဲအလိုလိုရောက်သွားကြတာတော့မဟုတ်ပါဘူး။ ဆိုလို တာက ၊ အင်္ဂလိပ်လိုဘာသာပြန်တိုင်း နိုင်ငံတကာကဗျာလောကထဲရောက်ချင်မှရောက်တာဖြစ်ပါတယ်။ ဒါဆို international poetry နိုင်ငံတကာကဗျာလောကထဲ ဘယ်လိုရောက်သလဲ။ အထက်ကပြောခဲ့တဲ့ Choice နဲ့ Connection ဆီကိုပဲပြန်ရောက်သွားပါတယ်။ ဘယ်သူက ဘယ်သူ့ကို ဘာသာပြန်ဖို့ရွေးချယ်မလဲဆိုတာနဲ့ ဘယ်တိုက်သော်လည်းကောင်း ဘယ်မဂ္ဂဇင်းသော်လည်းကောင်း ထုတ်ဝေ ဖို့မဟုတ်ရင် ဖေါ်ပြပါရှိဖို့ ချိတ်ဆက်ထားသလဲဆိုတာဖြစ်ပါတယ်။ မြန်မာခေတ်ပြိုင်ကဗျာကို ကမ္ဘာက အထိုက်အလျောက်သိသွားစေတဲ့ Bones Will Crow ကိုပဲ ဥပမာအဖြစ်ကြည့်ပါ။ ဒီစာအုပ်ထဲဘယ်သူတွေပါမယ်လို့ ပဏာမရွေးတာကတော့ ဘာသာပြန်သူတွေဖြစ်ကြတဲ့ ကိုကိုသက်နဲ့ (James Byrne) ဂျိမ်းစ်ဘန်းတို့ဖြစ်ကြပါတယ်။ သူတို့ရဲ့ ရွေးချယ်ရေးမူကတော့ပြည်တွင်းမှာ နာမည်လည်းရ ၊ လုံးချင်း ကဗျာစာအုပ်လည်းထုတ်ဝေဘူးသူဖြစ်ရမယ်ပေါ့။ ဒါပေမယ့် ၊ နောက်ဆုံးမှာ ဒီစာအုပ်ထုတ်ဝေတဲ့ Arc စာအုပ်တိုက်ပိုင်ရှင် Tony ဟာ အချို့ကဗျာဆရာတွေနဲ့ အချို့ကဗျာတွေကို ပယ်လိုက်တယ်လို့သိရပါတယ်။ ဘယ်ကဗျာဆရာ/ဆရာမရဲ့ ဘယ်ကဗျာတွေ ဘာသာပြန် ဖို့ရွေးချယ်ရာမှာလည်း ကိုကိုသက်နဲ့ ဂျိမ်းစ်ဘန်းတို့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ဂျိမ်းစ်ကိုယ်တိုင်ဟာ  သူ့ကိုယ်ပိုင် Wolf ကဗျာမဂ္ဂဇင်း အယ်ဒီတာဖြစ်တဲ့အတွက် သူ့ရဲ့နိုင်ငံတကာကဗျာဖတ်ရှုရွေးချယ်မှု အတွေ့အကြုံအရ ရွေးတာဖြစ်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

၂၀၁၂ လန်ဒန်နိုင်ငံတကာ ကဗျာပွဲတော်မှာ Bones Will Crow စာအုပ်ဖွင့်ပွဲကျင်းပပြီး ၂၀၁၃ မှာတော့ နျူးယောက်မှာ ကျင်းပ ခဲ့ပါတယ်။ နိုင်ငံတကာ ကဗျာဆရာဧည့်ပရိသတ်တွေထဲမှာ အထင်ကရ ကဗျာဆရာ/ဆရာမကြီးတွေပါ တက်ရောက်ပါရှိခဲ့တာတွေ့ရပါ တယ်။ အဲသလိုနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးရဲ့ ဘယ်နားမှာရှိလို့ရှိမှန်းတောင်မသိကြတဲ့သူတွေကြားမှာ မြန်မာခေတ်ပြိုင်ကဗျာကို နိုင်ငံ တကာကဗျာလောကထဲတရားဝင် မိတ်ဆက်ဖေါ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲဖေါ်ပြပါရှိတဲ့ ကဗျာတွေဖတ်ပြတော့လည်း နိုင်ငံ တကာကဗျာဆရာ/ဆရာမတွေဖြစ်ကြတဲ့ ပရိသတ်ဟာ နှစ်ထောင်းအားရရှိခဲ့တာဟာ ကျွန်တော့်မျက်မြင်ကိုယ်တွေ့ပါပဲ။ အဲဒီစာအုပ်ကို စင်္ကာပူမှာဖွင့်ပွဲပြုလုပ်တော့လည်း စင်္ကာပူပရိသတ်ကို စွဲဆောင်နိုင်ခဲ့တဲ့ ကဗျာတွေဖြစ်ပါတယ်။ ဆက်စပ်လို့ပြောရရင် ၂၀၁၃ မှာပဲ စင်္ကာပူ ကဗျာဆရာ Alvin Pang ကို Arc စာအုပ်တိုက်ကပဲ ရွေးချယ်ပုံနှိပ်ထုတ်ဝေခဲ့တဲ့အတွက် Alvin ဟာ စင်္ကာပူကဗျာဆရာတင် မဟုတ်တော့ပဲ နိုင်ငံတကာတန်းဝင်သွားပါတယ်။ ဆိုလိုတာက ၊ နိုင်ငံတကာ ကဗျာလောထဲ ၀င်ရောက်ဖို့ ကဗျာဆရာရဲ့ ကဗျာရည်ဝမှုနဲ့ ဆိုင်သလို ဘယ်တိုက်က ထုတ်ဝေတယ်ဆိုတာနဲ့လည်းဆိုင်ပါတယ်။ မထင်မရှားစာအုပ်တိုက်က ထုတ်ဝေတာထက် ယူကေနဲ့ ယူအက်စ် မှာရှိကြတဲ့ အထင်ကရစာအုပ်တိုက်တွေက ထုတ်ဝေရင် ကမ္ဘာအနှံ့ထိုးဖေါက်ဝင်ရောက်ပျံ့နှံ့မှု အရှိန်အဟုန်ဟာ များစွာမြင့်မားသွားပါ တယ်။ ပျံ့နှံ့မှု အကျယ်အ၀န်းဟာလည်း ကျော်ကြားမှုကို ထောက်ကူပံ့ပိုးစေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲဒီတော့ အင်္ဂလိပ်ဘာသာ ပြန်ရုံနဲ့ နိုင်ငံတကာ ကဗျာလောကထဲရောက်ဖို့ဆိုတာက လိုအပ်ပေမယ့် မလုံလောက်တဲ့ ကိစ္စဖြစ်ပါတယ်။ အိုင်အိုးဝါးက အတွေ့အကြုံ တစ်ခုပြောရရင် နျူးဇီလန်က ကဗျာဆရာကပြောပါတယ်။ ယူကေ ၊ ယူအက်စ်တို့မှာ ထုတ်ဝေတဲ့ နျူးဇီလန်ကဗျာဆရာဟာ နျူးဇီလန်မှာ ပဲထုတ်ဝေတဲ့ နျူးဇီလန်ကဗျာဆရာထက် နိုင်ငံတကာကဗျာတန်းဝင်နိုင်မှုပိုရှိတယ်တဲ့။ တစ်နည်းအားဖြင့် ပြောရရင် ကမ္ဘာ့ဓနရှင်ကြီးတွေ ပိုင်ဆိုင်ကြတဲ့ အထင်ကရစာပေထုတ်ဝေရေးတိုက်က ထုတ်ဝေလိုက်ရင် နိုင်ငံတကာအဆင့် အလိုအလျောက်တန်းဝင်သွားပါတယ်။

အဲဒီစာပေထုတ်ဝေရေးတိုက်တွေကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။ သူတို့ကို ဘယ်နိုင်ငံက ဘယ်သူ့ကဗျာတွေကို ထုတ်ဝေ ဖို့ အကြံပေးအဖွဲ့တို့ ၊ အယ်ဒီတာအဖွဲ့တို့ ရှိကြပြီး အဲဒီအဖွဲ့တွေထဲမှာ ထင်ရှားတဲ့ နိုင်ငံတကာ ကဗျာဆရာတွေ ၊ ကျွမ်းကျင်တဲ့ ဘာသာ ပြန်ဆရာတွေနဲ့ ရိုသေလေးစားမှုခံရတဲ့ စာပေပညာရှင်တို့ပါရှိကြပါတယ်။ များသောအားဖြင့် ရွေးချယ်ခံရတဲ့ ကဗျာဆရာတွေရဲ့ ကဗျာ တွေဟာလည်း မိခင်ပြည်တွင်းထဲပဲ လည်ပတ်မှုရှိတဲ့အကြောင်းအရာတွေနဲ့ ရေးဖွဲ့ပုံတွေကို ကျော်လွန်ရမှာဖြစ်ပါတယ်။ ဥပမာ ၊ modern ဆိုရင်လည်းပြည်တွင်း modern ထက် ကမ္ဘာသုံး international modernism (၀ါ) international style ဖြစ်ရင် နိုင်ငံတကာထဲဝင် ရောက်ဖို့ ပိုနီးစပ်ပါတယ်။ ထိုနည်းတူ international postmodernism ဒါမှမဟုတ် ၁၉၉၀ ဒီဘက်ပိုင်း Contemporary ရေးဟန်တွေ။ ဒါဟာ ဂလိုဘယ်ဇေးရှင်းနဲ့လည်းဆက်စပ်နေပါတယ်။

ဒီနေ့ဟာ ကမ္ဘာ့ကဗျာနေ့ဖြစ်တဲ့အတွက် ဆက်စပ်လာတဲ့ ကမ္ဘာ့ကဗျာအကြောင်းလည်းပြောရမှာဖြစ်ပါတယ်။ ကမ္ဘာ့ကဗျာနေ့ ဟာ ကမ္ဘာရဲ့ ကဗျာနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ကဗျာရဲ့ နေ့မဟုတ်ပါဘူး။ ကမ္ဘာမှာ ကဗျာ ၃ မျိုး ၃ စားရှိနေတယ်လို့ပြောလည်းပြော ၊ ရေး လည်းရေးကြတာတွေရှိပါတယ်။ အွန်လိုင်းမှာတက်ရှာလိုက်ရင် အလွယ်တကူပဲ တွေ့နိုင်မှာဖြစ်ပါတယ်။ အဲဒီ ၃ မျိုး ၃ စားကတော့ ပြည်တွင်းမှာပဲ လည်ပတ်တဲ့ national poetry ၊ နိုင်ငံတကာ ထဲရောက်လာတဲ့ international poetry နဲ့ ကမ္ဘာ့ကဗျာဖြစ်တဲ့ world poetry တို့ဖြစ်ကြပါတယ်။ စောဒကတက်တာတွေ ၊အငြင်းပွားတာတွေလည်းရှိကြပါတယ်။ ကမ္ဘာထဲ ပျံ့နှံ့ဝင်ရောက်လည်ပတ်မှု အတိုင်း အဆကိုဖေါ်ပြနေတာလည်းဖြစ်ပါတယ်။ ဟောင်ကောင်ပွဲမှာတုန်းက ကနေဒါက ကဗျာဆရာရယ် ၊ ဩစတြေးလျက ကဗျာဆရာရယ် ၊ မြန်မာက ကျွန်တော်ရယ် ကဗျာအကြောင်းထဲထဲဝင်ဝင်ပြောနေကြတုန်း ကနေဒါကဗျာဆရာက ကောက်ကာငင်ကာနဲ့ `နေပါဦး ၊ ကျွန်တော်တို့ ၃ ယောက်ဟာ ဒီပွဲရောက်မှ အချင်းချင်းသိကြရသူတွေဖြစ်ပေမယ့် ကျွန်တော်တို့ ၃ ယောက်စလုံးသိကြတဲ့ နိုင်ငံတကာ ကဗျာဆရာတွေရဲ့ အမည်တွေဟာ သွားတူနေကြတယ်။ အခြားနိုင်ငံတကာ ကဗျာဆရာတွေကို သွားမေးလိုက်ရင် အားလုံးသိကြတဲ့ ကဗျာဆရာစာရင်းထွက်လာမှာပဲ´တဲ့။ အဲသလိုနဲ့ ကျွန်တော်တို့ ၃ ယောက်စလုံးသိကြတဲ့ နိုင်ငံတကာ ကဗျာဆရာတွေရဲ့ စာရင်းကို အကြမ်းဖျဉ်းကောက်ကြည့်လိုက်ကြတော့ ထုံးစံအတိုင်း ပေါင်းန်ဒ် ၊ အဲလိယစ်တ် ၊ အပေါ်လီနဲ ၊ ရီဗားဒီး ၊ စီလန်း ၊ နီရူဒါ ၊ လော်ရကာ ၊ မာယာကော့ဖ်စကီး ၊ ပါ့ဇ် ၊ ပိုပါ ၊ ဂင်းန်စ်ဘဂ် ၊ အက်ရှဘရီ ၊ အိုဟာရာ ၊ ပလာ့သ် ၊ ဟေနီ ၊ ဒါဝစ်ရှ် ၊ ထရန်းစ်ထရိုမာ ၊ ဇင်ဘော်စကာ ၊ မီလော့ရှ် ၊ အင်ဇင်န်ဘာဂျာ ၊ ဆိုယင်န်ကာ တို့အပါအ၀င် စာရင်းထွက်လာပါတယ်။ အခြားကဗျာဆရာ/ဆရာမတွေကို ဒီစာရင်းပြကြည့် တော့ စာရင်းပါအမည်တွေကို သူတို့လည်းကောင်းကောင်းသိကြတာတွေ့ရပါတယ်။

အဲဒီတော့ ၊ ဘယ်နိုင်ငံကပဲလာလာ ၊ နိုင်ငံတကာ ကဗျာနဲ့ နှံ့စပ်တဲ့ ဘယ်ကဗျာဆရာမဆိုသိကြတဲ့ ကဗျာဆရာတွေရှိကြတယ် ဆိုတာပါပဲ။ ကျွန်တော်တို့အချင်းချင်းသာ မသိကြပေမယ့် ကျွန်တော်တို့သိကြတဲ့ ပုဂ္ဂိုလ်တွေဟာ အတူတူပါပဲ။ တစ်နည်းအားဖြင့် ပြော ရရင် နိုင်ငံတကာ ကဗျာဆရာအများစုသိကြတဲ့ နိုင်ငံတကာ ကဗျာဆရာတွေဟာ ကမ္ဘာ့ကဗျာဆရာတွေဖြစ်ကြပါတယ်။ ဟောင်ကောင်ပွဲ မှာဆိုရင် သူ့ဝေလပြည်တွင်းမှာတောင်မှ လူသိမများတဲ့ ဝေလကဗျာဆရာမနဲ့ သူ့ ဖိလစ်ပိုင်နိုင်ငံမှာတောင်မှ သူ့ကိုမသိကြတဲ့ ဖိလစ်ပိုင် ကဗျာဆရာမလေးတို့ပါဝင်သလို အားလုံးလည်းသိ ၊ ကမ္ဘာကလည်းသိတဲ့ ဆီးရီးယားက အဒေါနစ္စ တို့ တရုတ်က ဘေဒေါဝ်တို့လည်း ပါဝင်ကြပါတယ်။ အဒေါနစ္စဆိုရင် နိုဗဲလ်စာပေဆုအတွက် တစ်ပေးခံရတာ နှစ်ပေါင်းများလှပါပြီ။

ဆိုတော့ ၊ ဒီကမ္ဘာ့ကဗျာဆရာစာရင်းဝင် ပုဂ္ဂိုလ်တွေရဲ့ ထူးခြားမှုတွေကဘာလဲပေါ့။ အဓိက ကတော့ ၊ သူတို့တွေရဲ့ အတွေး တွေ ၊ အရေးတွေဟာ သူတို့မွေးဖွားကြီးပြင်းရာ တိုင်းပြည်တွေမှာ တင်ရပ်မနေပဲ ကမ္ဘာထဲ ထိုးဝင်လာကြလို့ပါပဲ။ သူတို့ဟာ အတွေးသစ် ၊ အရေးသစ်တွေ ဆန်းသစ်တီထွင်လာကြသူတွေလည်းဖြစ်တယ်။ ကဗျာ  ၊ ကဗျာနယ်ပယ်နဲ့ ကဗျာရဲ့ လုပ်ငန်းဆောင်တာတွေကို ချဲ့ထွင် လိုက်ကြသူတွေဖြစ်တယ်။ သူတို့ကိုင်တွယ်ရေးသားကြတဲ့အကြောင်းတွေဟာလည်း သူတို့ရဲ့ ပြည်တွင်း နယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာအရပ်ရပ်က လူသားတွေရဲ့ ဘ၀တွေနဲ့ သွားထိတွေ့နေကြတာဖြစ်ပါတယ်။ အနည်းဆုံးတော့ ၊ နိုင်ငံတကာကဗျာဆရာ အသီးသီး ဟာ သူတို့ကို ဆရာတင် ၊ အသိအမှတ်ပြု ၊ အလေးအနက်ဖတ်ရှုပြီး သူတို့ဆီက သင်ယူနေကြရတာဖြစ်ပါတယ်။ ကမ္ဘာ့ကဗျာ ဂုရုကြီး တွေပေါ့။ ဒါဟာ အချိန်နဲ့လည်းဆိုင်ပါတယ်။ ၂၀၁၂ – ၂၀၁၃ အတွင်းမှာ ကျွန်တော်တွေ့ဆုံရင်းနှီးခဲ့ရတဲ့ ဘယ်နိုင်ငံတကာ ကဗျာဆရာ တွေဟာ ဘယ်အချိန်မှာ ကမ္ဘာ့ကဗျာဆရာစာရင်းဝင်သွားကြမလဲ။ ရုရှက အီလျာလား ၊ မက်စီဒိုးနီးယားက မက်ဒ်ဇာရော့ဗ်လား ၊ ဘယ်လာရုစ်က ဗယ်လ်ဂျင်နာ မော့သ်လား ၊ တရုတ်က ဟန်တောင်လား ၊ စင်္ကပူက အဲလ်ဗင်န် ပဲန်ဂ်လား။

ချုပ်ပြောရရင် ပြည်တွင်းကဗျာ ၊ နိုင်ငံတကာကဗျာနဲ့ ကမ္ဘာ့ကဗျာဆိုတာတွေဟာ ယနေ့ကမ္ဘာမှာ တကယ်ရှိနေကြပါတယ်။ အမေရိကန်တက္ကသိုလ်ကြီးတွေမှာလည်း World Literature ဆိုတဲ့ ဘာသာရပ်ကို စနစ်တကျသင်ကြားပို့ချလျှက်ရှိပါတယ်။ အိုင်အိုးဝါး တက္ကသိုလ်မှာလည်းပို့ချတဲ့ ဒီဘာသာရပ်မှာ ကျွန်တော်ဟာ နိုင်ငံခြားဧည့်ကဗျာဆရာအနေနဲ့ မြန်မာခေတ်ပြိုင်ကဗျာအကြောင်း စကား ပြောခွင့်ရခဲ့ပါသေးတယ်။ ကမ္ဘာရဲ့ ကဗျာနေ့ဖြစ်တဲ့ ဒီနေ့ဟာ ကမ္ဘာအ၀ှမ်းမှာရှိကြတဲ့ ကဗျာဆရာတွေကို ဂုဏ်ပြုသလို ကဗျာအနုပညာ ကိုလည်း လူသားရဲ့ ကြီးမြတ်တဲ့ အသီးအပွင့်အဖြစ်သတ်မှတ်တဲ့နေ့လည်းဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ ကမ္ဘာ့ကဗျာနေ့မှာ ကဗျာပွဲတော်တွေကျင်းပပြီး ကမ္ဘာ့ကဗျာဆရာတွေရဲ့ ကမ္ဘာ့ကဗျာတွေကိုလည်း အလေးပြုရွတ်ဖတ်ကြပါတယ်။ နိုင်ငံတကာကဗျာဆရာ တွေရဲ့ နိုင်ငံတကာကဗျာတွေကိုလည်း ရွတ်ဖတ်ကြပါတယ်။ ကဗျာနှီးနှောဖလှယ်ပွဲတွေလည်းပြုလုပ်ကြပါတယ်။ မတူကွဲပြားတဲ့ ကဗျာ ဗေဒတွေနဲ့ ရေးသားတဲ့ ကဗျာတွေကိုလည်း တစ်နေရာတည်းမှာပဲ စုစုစည်းစည်းရွတ်ဖတ်ကြပါတယ်။ အဓိက ကတော့ နယ်ပယ်ကျယ် ၀န်းလှတဲ့ ကဗျာအနုပညာကို ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အမွှမ်းတင်တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာလည်း ပါးစပ်ပြောမဟုတ်ပဲ ဧကန်အမှန်တကယ် လွတ်လပ်ပွင့်လင်းလာတာနဲ့အမျှ ၊ နိုင်ငံတ ကာ ဆက်ဆံရေးမြင့်မားတွင်ကျယ်လာတာနဲ့အမျှ ၊နိုင်ငံခြားနဲ့ ဆက်ဆံရမှာ ကြောက်ခြင်း ရွံ့ခြင်း ကိစ္စတွေနည်းလာတာနဲ့အမျှ ၊ ၀ါးလုံးခေါင်း လေးဘေးချပြီး လ၀န်းကြီးကို အင်အားကောင်းတဲ့ မှန်ပြောင်းနဲ့ ကြည့်ချင်ကြည့်တတ်လာတာနဲ့အမျှ ၊ ကျွန်တော်တို့ကို ကျွန်တော်တို့ လည်း မိမိကိုမိမိဝေဖန်ရေး နာနာလုပ်တတ်လာတာနဲ့အမျှ ကျွန်တော်တို့ ကဗျာလောကသားတွေရဲ့ ကဗျာသိမှု ၊ တတ်မှုတွေ ဖွံ့ဖြိုး ဝေဆာလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရေးအသားတွေဟာလည်း နိုင်ငံတကာအဆင့်မီ နိုင်ငံတကာအရေးအသားတွေနဲ့ နီးစပ် သည်ထက်ပိုမိုနီးစပ်လာပြီး ဒေသတွင်းမှာရော ကမ္ဘာမှာပါ မြန်မာကဗျာဟာ မြန်မာပြည်တွင်းမှာတင်ရပ်တန့်မနေပဲ ကမ္ဘာထဲမှာနိုင်ငံ တကာသိ ကဗျာဖြစ်လာပြီး မြန်မာကဗျာဆရာတွေဟာလည်း နိုင်ငံတကာအသိအမှတ်ပြု နိုင်ငံတကာတန်းဝင် ကဗျာဆရာတွေဖြစ် လာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်ရပါတယ်။ ဒီလိုဖြစ်လာဖို့ဟာလည်း ကိုယ့်ကိုယ်ကို ကဗျာဆရာလို့ ယုံယုံကြည်ကြည် လက်ခံထားသူ ကဗျာဆရာတစ်ယောက်စီအနေနဲ့ ကဗျာပေါ်မှာ ထားရှိအပ်တဲ့ တာဝန်အဖြစ်ခံယူသင့်ပါတယ်လို့ လေးလေးနက်နက် ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကဗျာလိုရာဆန္ဒများပြည့်မြောက်အောင်ဆောင်ရွက်နိုင်ကြပါ စေသား။                 ။

 

 

ဇေယျာလင်း

20 – march – 14


ရိုးရိုးလေးနဲ့ ဆန်းတဲ့ ကဗျာတစ်ပုဒ်

ရိုးရိုးလေးနဲ့ ဆန်းတဲ့ ကဗျာတစ်ပုဒ်

 

၃ ၊ စက်တင်ဘာ ၊ `၁၃ အင်္ဂါနေ့။ အိုင်အိုးဝါးမှာ ရှိစဉ်က mail ထဲ ကဗျာတစ်ပုဒ်ဝင်လာတယ် ၊ စင်္ကာပူကဗျာဆရာ Alvin Pang ဆီက ၊ ခေါင်းစဉ်မပါ။ အဲဒီတုန်းက ဗြိတိသျှကဗျာဆရာကြီး George Szirtes နဲ့အတူ Alvin ဟာ မလေးရှားအလည်အပတ်ခရီး သွားနေကြတယ်။ သူတို့တွေ့ကြုံခံစားရတာတွေကို ကဗျာလေးတွေရေးပြီး တင်ကြတယ်။ Alvin တင်လိုက်တဲ့ကဗျာလေးကို ကြိုက်လို့ ခုလိုဘာသာပြန်လိုက်ပါတယ်။

 

alvin

 

“နေဟာ အ၀ိုင်းသဏ္ဍာန်ပြုလုပ်တယ်။ ကားဟာမျဉ်းကြောင်း။ ယုံကြည်ကိုးကွယ်သူတွေဟာ ကောင်းကင်မှာ တန်းစီကြတယ်။

 

`ဘာသာရေးကိစ္စဟာ´လို့ သူစကားစလိုက်တယ်။ သစ်ပင်တစ်ပင်မှာ ပျံလွှားတွေအုံနေတာပဲ ၊ မိတ်လိုက်ဖို့အော်သံတွေ။

 

အရာဝတ္ထုတစ်ခုခုနဲ့ အဲဒီအရာဝတ္ထုကို မိမိတို့သိခြင်းကြားမှာ ဘာသာစကားရှိတယ်။ ဟင့်အင်း ၊ အဲဒါဆင်တဲ့။ သူမက၀င်ရှင်းပြတယ်။

 

မိမိတို့မှာ ကောင်းမြတ်မှုရှိပါတယ်။ မိမိတို့မှာ ကောင်းမြတ်မှုဆိုလို့ ဘယ်တော့မှ လုံလုံလောက်လောက်မရှိဘူး။ သူတစ်ပါးကို နှောက် ယှက်ဖို့လည်း မိမိတို့မရည်ရွယ်ပါဘူး။ မိမိတို့တိတ်ဆိတ်သွားကြတယ်။ မိမိတို့ လဘက်ရည်သောက်ကြတယ်။´´

 

အထက်ပါကဗျာဟာ ကျွန်တော့်အတွက် ဘာကြောင့် ရိုးရိုးလေးနဲ့ ဆန်းတယ်ဆိုတာ ကျွန်တော်တတ်နိုင်သလောက်ပဲ ရှင်းပြချင်ပါတယ်။ ဒီကဗျာဟာ စကားပြေကဗျာဖြစ်ပါတယ်။ ပုံမှန်ကဗျာလိုလိုင်းတွေဖွဲ့ထားတာမဟုတ်ပဲ စကားပြေလိုင်းစီသလို စီထားလို့ပါပဲ။ ဥပမာ ၊

 

နေဟာ အ၀ိုင်းသဏ္ဍာန်ပြုလုပ်တယ်

ကားဟာမျဉ်းကြောင်း

ယုံကြည်ကိုးကွယ်သူတွေဟာ ကောင်းကင်မှာ တန်းစီကြတယ်

 

အဲသလိုလိုင်းစီပုံမျိုးမဟုတ်ပါဘူး။ အဲဒီလိုင်းတွေကို စကားပြေအရေးအသားလို ချိတ်တွဲလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် စကားပြေ အရေးအသားရဲ့ ၀ါကျယုတ္တိဆက်စပ်မှုမရှိပြန်ပါဘူး။ `နေ´နဲ့ဆိုင်တဲ့ ၊ `ကား´နဲ့ဆိုင်တဲ့ ၊ `ယုံကြည်ကိုးကွယ်မှု´နဲ့ဆိုင်တဲ့ အဆို ၃ ရပ်ကို ယှဉ်တွဲလိုက်တာဖြစ်ပါတယ်။ juxtaposition ပေါ့။ ဒါဟာ စကားပြေကဗျာအမျိုးအစားရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

 

ကဗျာတစ်ပုဒ်လုံးမှာ အပိုဒ် ၄ ပိုဒ်တွေ့ရှိရပါတယ်။ ပထမ ၃ ပိုဒ်ဟာ အချိုးဆင်တူဖြစ်နေတာတွေ့ရပါတယ်။ တစ်ပိုဒ်စီမှာ အပိုင်း ၃ ပိုင်းစီ တွေ့ရပါတယ်။ ယုတ္တိဆက်စပ်မှုမရှိတဲ့ အပိုင်းတွေပါရှိသလို ဆက်စပ်မှုတစ်ပိုင်းတစ်စပဲပါရှိတာတွေလည်းတွေ့ရပါတယ်။

 

ပိုဒ်(၁)။   ။           နေဟာ အ၀ိုင်းသဏ္ဍာန်ပြုလုပ်တယ်

ကားဟာမျဉ်းကြောင်း

ယုံကြည်ကိုးကွယ်သူတွေဟာ ကောင်းကင်မှာ တန်းစီကြတယ်

 

ပိုဒ်(၂)။   ။           `ဘာသာရေးကိစ္စဟာ´လို့ သူစကားစလိုက်တယ်

သစ်ပင်တစ်ပင်မှာ ပျံလွှားတွေအုံနေတာပဲ

မိတ်လိုက်ဖို့အော်သံတွေ

 

 

ပိုဒ်(၃)။   ။           အရာဝတ္ထုတစ်ခုခုနဲ့ အဲဒီအရာဝတ္ထုကို မိမိတို့သိခြင်းကြားမှာ ဘာသာစကားရှိတယ်

ဟင့်အင်း ၊ အဲဒါဆင်တဲ့

သူမက၀င်ရှင်းပြတယ်

 

နောက်ဆုံးပိုဒ်မှာတော့ ၅ ပိုင်းပါရှိပါတယ်။ အသွားဟာ Parallel Structure မျဉ်းပြိုင်ဝါကျတည်ဆောက်ပုံဖြစ်ပါတယ်။ ၀ါကျတစ်ခုစီရဲ့ Subject ကတ္တားဟာ `မိမိတို့´ဖြစ်ပါတယ်။ ဒီလိုပါ ––––

 

မိမိတို့မှာ ကောင်းမြတ်မှုရှိပါတယ်

မိမိတို့မှာ ကောင်းမြတ်မှုဆိုလို့ ဘယ်တော့မှ လုံလုံလောက်လောက်မရှိဘူး

(မိမိတို့) သူတစ်ပါးကို နှောက်ယှက်ဖို့လည်း မိမိတို့ မရည်ရွယ်ပါဘူး

မိမိတို့ တိတ်ဆိတ်သွားကြတယ်

မိမိတို့ လဘက်ရည်သောက်ကြတယ်

 

ဒါဟာ ဒီကဗျာလေးရဲ့ Structure တည်ဆောက်ထားပုံဖြစ်ပါတယ်။ ရိုးစင်းတဲ့ ၀ါကျတွေနဲ့ပဲ ရိုးရိုးစင်းစင်းတည်ဆောက်ထားတာတွေ့ရပါ တယ်။ ဒီအပေါ်ယံရိုးစင်းတဲ့ Simplicity ထဲမှာ နက်နဲတဲ့ Complexity ယှက်ဖေါက်ထားတာတွေ့ရပါလိမ့်မယ်။ ဒီ Complexity ဟာ ၀ါကျ တည်ဆောက်ပုံမှာ မရှိပဲ အတွေးတည်ဆောက်ပုံမှာ သွားတွေ့ရပါတယ်။ အတွေးရဲ့ အသွားတွေလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ မျဉ်း ဖြောင့်မသွားတဲ့အတွေးတွေ (၀ါ) ယုတ္တိဆင်ခြင်မှု အသွားကို ဖျက်ထားတဲ့ (၀ါ) ယုတ္တိဆင်ခြင်မှု အသွားမျိုးမဟုတ်တဲ့ အတွေးရဲ့ လှုပ် ရှားမှုတွေဖြစ်ပါတယ်။ ဒီကဗျာရဲ့ ရသ(အရသာ)ဟာလည်း ဒီလိုအသွားမျိုးနဲ့ သွားတဲ့ အတွေးတွေရဲ့ ဖတ်သူစိတ်ထဲ အာရုံတွေ ၊ အနက် တွေလှုပ်ခတ်ပေါက်ဖွားပြီး အချင်းချင်းထိတွေ့ထိခတ်အနက်ကူးလူးတာ တွေပဲဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်အဖို့တော့ ကြည်နူးမှု delight ရရှိပါတယ်။ အက်ဇရာ ပေါင်းန်ဒ်ပြောခဲ့တဲ့ ကဗျာပုဒ်ရဲ့ music of ideas အတွေးတွေရဲ့ ဂီတကို ပိုမိုသဘောပေါက်မိစေပါတယ်။ Complexity ကပေးတဲ့ music of ideas နဲ့ music of ideas ထဲမှာ ထပ်မံတွေ့ရှိရတဲ့ complexity ဖြစ်ပါတယ်။ ရိုးစင်းတဲ့ အာရုံ/အတွေး/ အသိတွေကို စကားပြေရဲ့ယုတ္တိအသွားမျိုးနဲ့ ချိတ်တွဲပြီး ကဗျာကိုမရှည်ရှည်အောင်ရေး ၊ Linearityမျဉ်းဖြောင့်သဘောပဲရှိပြီးComplexity မရှိတဲ့ အရေးအသားမျိုးတွေဒီနေ့မှာ ပုံနှိပ်ရော online မှာပါ တွေ့နေရတာတွေဟာ ကျွန်တော့်အတွက် ဘာအရသာမှ မရှိပါဘူး။ စကား ပြေလိုပြောလို့ရတာကိုပဲ ကဗျာပုံစံမ၀င်ဝင်အောင် လိုင်းတွေ စီထားတာမျိုး ၊ လိုင်းနဲ့ ၀ါကျရဲ့ သိမ်မွေ့တဲ့ စည်းကို နားမလည်ပဲ ရေးနေ တာမျိုး ၊ စကားပြေအသွားနဲ့ အတွေးပဲရှိတဲ့ အရေးအသားမျိုး ၊ သတင်းမီဒီယာက ရရှိတဲ့ သတင်းတွေကိုပဲ သတင်းအဖြစ်ပြန်လည်စီထား တာမျိုး ၊ ကဗျာရဲ့ ရသ(အရသာ)ဘာမှမပါရှိ ၊ မတွေ့ရတာမျိုးတွေဟာ ပျင်းရိငြီးငွေ့ဘွယ်ရာတွေလို့ပဲ ကျွန်တော်ခံစားရပါတယ်။ ကဗျာ ဥာဏ်တည်ရှိမှု/တည်ဆောက်မှုတော်တော်နည်းပါးညံ့ဖျင်းတာတွေလို့ ကျွန်တော်မြင်ပါတယ်။ Form ပုံသဏ္ဍာန်ဖွဲ့စည်းမှုကိုယူရင်လည်း ပြင်လိုက် Surface သာ ယူတတ်ပြီး အနက်လိုက် depth မပါရှိတဲ့ အရေးအသားတွေ ၊ ကိုကျော်ဝဏ္ဏရဲ့ စကားယူသုံးရရင် `ဗျက်သာ ကျယ်ပြီး ဇောက်မနက်တဲ့ဟာမျိုး´တွေဖြစ်ပါတယ်။ ဒါဟာ ဒီနေ့တွေ့မြင်နေရတဲ့ (မြန်မာ)ကဗျာအများစုပေါ် ကျွန်တော့်ရဲ့ အတ္တနောမတိ သုံးသပ်ချက် Subjective Comment ဖြစ်ပါတယ်။

 

Complexity ကိစ္စကိုပြန်သွားရရင် အပေါ်ယံအတွေး/အမြင်/အသိကို အနက် depth ရှိအောင်ပြုလုပ်ခြင်း/ပုံရဲ့ ရလာဒ်လို့ ကျွန်တော် လက်ခံထားပါတယ်။ ပထမဆုံးဝါကျကိုပဲကြည့်ပါလေ –––

 

နေဟာ အ၀ိုင်းသဏ္ဍာန်ပြုလုပ်တယ်

 

ဒီဝါကျမှာ Complex ဖြစ်တာက ကျွန်တော့်ရဲ့ သိနေကျအသိ(၀ါ) သာမန်အသိ(၀ါ) အလေ့အကျင့်အသိကို လှုပ်နှိုးလိုက်တာပဲဖြစ်ပါ တယ်။ နေရဲ့ သဏ္ဍာန်ဟာ လုံးဝန်းမှန်း(၀ါ)အ၀ိုင်းဖြစ်မှန်းသိထားပေမယ့် ` နေဟာ အ၀ိုင်းသဏ္ဍာန်ပြုလုပ်တယ်´ဆိုတာမှာ ဆန်းသွား ပါတယ်။ ဒီဝါကျမှာ ကြိယာမက်တဖါကို သွားသတိထားမိပါတယ်။ `ပြုလုပ်´။ ဟုတ်တာပဲ ၊ အလင်းတွေကို ကျွန်တော့်မျက်လုံးထဲမှာ သဏ္ဍာန်တွေအဖြစ်မြင်တာ ၊ ကျွန်တော်တို့အမြင် အာရုံမှာ နေကို (၀ါ)နေလုံးကို အ၀ိုင်း/အလုံး လို့မြင်စေတာဟာ နေရဲ့ အလင်းတွေ ကြောင့်ပဲဖြစ်ပါတယ်။ ထိုနည်းတူ ၊ လရဲ့ အလင်း။ အကယ်၍ ကြယ်တွေနဲ့ အကွာအဝေးတစ်ခုရှိခဲ့ရင် ကြယ်တွေကိုလည်း အ၀ိုင်းလို့ ကျွန်တော်တို့ မြင်တွေ့ကောင်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါက physics သဘောအရပါ။ Philosophy ရှုထောင့်က ကျွန်တော်ကြည့်လိုက် တဲ့အခါ `နေ´ဆိုတဲ့ `နေ့စဉ်´/`ဘ၀´ဟာ စက်ဝိုင်းသဏ္ဍာန်/သဖွယ်ပြုလုပ်ရာမှာ `သံသရာ´စက်ဝန်းဆိုတဲ့ အတွေးပေါက်ဖွားရပါတယ် (၀ါ) လှုပ်နှိုးလို့ နိုးကြားလာရပါတယ်။ `ဒါဟာ ဘာဆိုင်လို့လည်း´လို့မေးလာခဲ့သည်ရှိသော် မေးသူနဲ့ပဲဆိုင်ပါတယ်လို့သာ `ပြန်ပို့´လိုက်ရ မှာဖြစ်ပါတယ်။ ကျွန်တော်က ကဗျာကို စကားပြေလိုမဖတ်ပဲ ကဗျာကို ကဗျာလိုပဲဖတ်တဲ့အကျင့်ရှိလို့ပါ။ ဒါဟာလည်း ဖတ်ခြင်းကိစ္စ the issue of reading poetry ဆီရောက်စေပါတယ်။ ကဗျာကို ကဗျာလိုဖတ်တတ်ကြသလား။ ကဗျာကို ဘယ်လိုဖတ်သလဲ။ ကဗျာရေးသူ က ဘယ်လို `လမ်းကြောင်း´ (ကြိယာ ၊ နာမ်မဟုတ်ပါ)ပေးလိုက်လို့ ကျွန်တော်က ဘာတွေဘယ်လို `ထည့်ဖတ်/တည်ဆောက်´သွား တယ်ဆိုတဲ့ ကိစ္စ။ ချဲ့ပြောရရင် အခုနောက်ဆုံးပေါ် Cognitive Poetics `ဥာဏ်သိမှုကဗျာဗေဒ´အထိသွားရမှာဆိုတော့ ဒီဘူတာ ၊ ဒီ မှတ်တိုင်မှာပဲ ပြန်ခုံဆင်းလိုက်ပါတယ်။ ကဗျာရေးခြင်းဟာ ရေးသူရဲ့ ခံစားမှုတွေ အော့အန်ချတာမျိုးမဟုတ်သလို ဖြစ်ကတတ်ဆန်း `ရေးရပြီးရော´ `ဖတ်သူကြည့်ကြက်ဖတ်သွားလိမ့်မယ်´ဆိုတဲ့ ပရမ်းပတာ စကားလုံးစီခြင်းမျိုးလည်းမဟုတ်ပါဘူး။ Expression ခံစားမှု/ အတွေးဖေါ်ပြချက်နဲ့ Construction ပုံသဏ္ဍာန်ဖွဲ့စည်းတည်ဆောက်မှုတို့ရဲ့ သိမ်မွေ့တဲ့ ချိန်ခွင်ကိစ္စပါပဲ။ အဲဒီ balance မျှခြေကို ရရှိဖို့ ကြိုးစားခြင်းဟာပဲ ကဗျာရေးခြင်းလို့ ခေါ်ဆိုပါတယ်။ တစ်ဘက်ဘက်ကဲသွားရင် ၊ လွန်သွားရင် ကဗျာရေးခြင်းအမှုကိစ္စပျက်ပြယ်ပြီး ရလဒ်ဟာ ကဗျာမဖြစ် ၊ တဖြစ်မဟုတ်ရင် ကဗျာလုံးဝမဟုတ်တာမျိုးဖြစ်သွားမှာ မလွဲပါဘူး။

 

ဒီကဗျာရဲ့ endo – skeleton အတွင်း(အရိုး) တည်ဆောက်မှု(၀ါ) texture ကိုလေ့လာရင် စကားလုံး/စကားစုတွေရဲ့ အနက်နဲ့ ဂယက် တွေတွဲချိတ်ထားမှုကိုတွေ့ရပါလိမ့်မယ်။ ဒီနေရာမှာလည်း Alvin က အနက်နီးစပ်မှုနဲ့ အနက်ဆန့်ကျင်မှုတို့ကို ပါးနပ်စွာသုံးထားတာတွေ့ ရမှာဖြစ်ပါတယ်။ `နေ´ ၊ `ကောင်းကင်´၊ `သစ်ပင်´ ၊ `ပျံလွှား´ ၊  `ဆင်´ဆိုတဲ့ သဘာဝလောက/သတ္တလောကကို ညွှန်းတဲ့စကားလုံး တွေ။ `ကား´၊ `အရာဝတ္ထု´၊ `လဘက်ရည်´ဆိုတဲ့လူလုပ် man – made ပစ္စည်းတွေ။ `ယုံကြည်ကိုးကွယ်´၊`ဘာသာရေး´၊ `ကောင်း မြတ်မှု´ဆိုတဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာ ဆက်စပ်အနက်တွေ။ `ဘာသာစကား´၊ `စကား´၊ `. . . တဲ့´၊ `၀င်ရှင်းပြ´၊ `တိတ်ဆိတ်´ ဆိုတဲ့ ဘာသာစကားဆိုင်ရာ ဆက်စပ်အနက်တွေ ။ `သိခြင်း ၊ `ရည်ရွယ်´ ဆိုတဲ့ စိတ်ရဲ့ အလုပ်တွေ။ ဒီနေရာမှာ `ကောင်းကင်´ဆိုတဲ့ စကား လုံတစ်လုံးတည်းမှာပဲ ambiguity အနက်ခွမှုကိုမြင်ရပါတယ်။ သဘာဝကောင်းကင်ကိုပြောတာဖြစ်သလို ဘာသာရေးယုံကြည်မှု အရ `ကောင်းကင်နိုင်ငံတော်´၊ `ကောင်းကင်ဘုံ´၊ heaven/paradise ဆိုတဲ့ အနက်ကိုလည်း လှုံ့ဆော်ပါတယ်။ `မျဉ်းကြောင်း´နဲ့ `တန်းစီ´ မှာ လားရာ/ရွေ့လျားမှုသဘောတွေတွေ့ရပါတယ်။

 

ဆန့်ကျင်ဘက် (၀ါ)အနက်နီးစပ်မှုမဟုတ်တဲ့ တွဲလုံးတွေကို ထုတ်ပြရရင် `အ၀ိုင်း´နဲ့ `မျဉ်းဖြောင့်´၊ `ကောင်းကင်´နဲ့ `တန်းစီ´ ၊ `ဘာ သာရေးကိစ္စ´နဲ့ သဘာဝတရား/သတ္တလောကဖြစ်တဲ့ `သစ်ပင်´၊ `ပျံလွှား´နဲ့ `မိတ်လိုက်´၊ `ရှိတယ်´အဆိုဝါကျနဲ့ `ဟင့်အင်း´ အငြင်း ၀ါကျ ၊ `မိမိတို့မှာ ကောင်းမြတ်မှုရှိပါတယ်´နဲ့ `မိမိတို့မှာ ကောင်းမြတ်မှုဆိုလို့ ဘယ်တော့မှ လုံလုံလောက်လောက်မရှိဘူး´။ ဆိုတဲ့ contradiction ရှေ့နောက်မညီမှု။

 

ဒီကဗျာရဲ့ အတိုင်အဖေါက်အကြောင်းပြောရရင် အတိုင်အဖြစ်ထောင်ထားတဲ့ အကြောင်းတွေကို ဖေါ်ထုတ်ရမှာဖြစ်ပါတယ်။ ကျွန်တော် မြင်တာကအကြောင်းကြီး ၅ ကြောင်း ၊ သဘာဝ/သတ္တ၊ လူလုပ်လောက ၊ လူမှုဆက်ဆံရေး ၊ ဘာသာရေး/ယုံကြည်မှု ၊ နဲ့ ဘာသာစကား – သိမှု ဆက်သွယ်မှုတို့ဖြစ်ပါတယ်။ ဒီ ၅ ချက်ကိုအတိုင်ထားပြီး ပတ်သက်ရာတွေ(၀ါ) ပတ်သက်ဖွယ်အဖြစ်ဆက်စပ်နိုင်ခြေ association  တွေဖြစ်လာစေဖို့ ယက်ရှယ်ဖေါက်ရတာတွေ။ ကဗျာပုဒ်ရဲ့ အတိုင်နဲ့ အဖေါက်သဘော။ အဲဒီကနေ ကဗျာပုဒ်ရဲ့ အဆင်ဒီဇိုင်း design ထွက်လာတာဖြစ်တယ်။ ဒါဟာ စိတ်/အသိ/အတွေး/ခံစားမှုတို့ရဲ့ တွယ်ဆက်ချိတ်တွဲမှု။ ဒါကို ဘာသာစကားတတ်ကျွမ်းစွာ သုံးစွဲမှုနဲ့ တွဲလိုက်ရင် Form ပုံသဏ္ဍာန်ဖွဲ့စည်းမှုကို Construct တည်ဆောက်ယူလိုက်တာဖြစ်ပါတယ်။ ဒီလိုအလွယ်တကူသာပြေရတာ ၊ အသေး စိပ်အပိုင်းတစ်ပိုင်းစီမှာ သမ္ဘာ(၀ါ) တတ်သိကျွမ်းကျင်မှုဆိုတာ တကယ်တကယ်ပါရှိပါတယ်။ မယုံရင် ကိုယ်တိုင်ရေးကြည့်ပါ။ ကဗျာပုဒ်ကို ကဗျာလိုဖတ်တတ်မှ ရသ(အရသာ)တွေ့ရမှာဖြစ်ပါတယ်။ `ကဗျာဆိုတာဘာ . . .´ `ကဗျာမှာ ဘာတွေပါရမယ်´၊ `ကဗျာဟာ ဘာ အကြောင်းအရာကို ဦးတည်ရမယ်´စတဲ့ အစွဲအလမ်းတွေ ဖတ်သူတိုင်းမှာရှိသလို ရေးသူတိုင်းမှာလည်းရှိပါတယ်။ အဝေးပြေးဂိတ်မှာ ရပ်ထားတဲ့ ယာဉ်တိုင်းကို မိမိကြိုက်ရာတက်စီးလို့မရပါဘူး။ မိမိသွားလိုတဲ့ ခရီးကိုသွားပြီး မိမိခရီးကို သယ်ဆောင်မယ့် ယာဉ်ကိုသိဖို့လိုပါ တယ်။ လိုရာခရီးမရောက်ရင် ယာဉ်မှားစီးလို့ပဲဖြစ်ပါလိမ့်မယ်။ လမ်းကြောင်း(၀ါ) ခရီးစဉ်မှားလို့မဟုတ်ပါဘူး။ ကိုယ်မရောက်ဖူးတဲ့ ခရီးစဉ် ကိုသွားရမယ်ဆိုရင်လည်း သိမှု/သိစိတ်ထဲမှာ ခရီးစဉ်နဲ့ ပတ်သက်ရာ အတွေ့ ၊ အမြင် ၊ အတွေး ၊ ခံစားမှုတို့ကို တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ အဲသလိုပဲ ၊ ကဗျာဖတ်ရာမှာ မဖတ်ခင်သတိ ၊ ဖတ်စဉ်သတိ ၊ ဖတ်ပြီး သတိထားရင် မိမိရဲ့ ကဗျာဖတ်ခြင်း အသိ/အတတ် ပညာတည်ဆောက်မှုကို များစွာအကျိုးပေးနိုင်ပါတယ်။ ကဗျာဆိုတဲ့ ဂိတ်မှာလည်း ခရီးစဉ်အမျိုးမျိုး ၊ ယာဉ်အမျိုးမျိုးရှိကြပါတယ်။ လမ်း တူမှ လူချင်းတွေ့နိုင်တာမဟုတ်ပါဘူး။ လမ်းမတူလည်း လူချင်းတွေ့နိုင်ပါတယ်။ လမ်းကို သိဖို့လည်း အရေးကြီးတာပေါ့။

 

အနုပညာဆိုတာ လွယ်လွယ်သဘောထားသူအတွက် လွယ်လွယ်ပြောလို့ရပေမယ့် နက်နက်ရှိုင်းရှိုင်းသဘောထားသူအတွက် ပြောရခက် တဲ့အထိ လေးနက်မှုရှိပါတယ်။ ကဗျာပုဒ်ရေးလိုသူ (၀ါ) ကဗျာဆရာဖြစ်ချင်သူရဲ့ စိတ်နဲ့ အနုပညာတစ်ရပ်အဖြစ် ကဗျာပေါ်လေးလေး နက်နက်သဘောထား ဖန်တီးပြုလုပ်တည်ဆောက်သူရဲ့ စိတ်ဟာ များစွာမှ ကွာခြားပါလိမ့်မယ်။ ကဗျာရေးတိုင်းကဗျာဆရာမဖြစ်သလို ကဗျာဆရာတိုင်းဟာလည်း အနုပညာရှင်မဖြစ်ပါဘူး။ ဥပမာတွေဟာ ကမ္ဘာမှာရော ၊ ဒီအရပ်ဒေသလေးမှာရော ဒုနဲ့ ဒေးပါပဲ။ ကဗျာ/၀တ္ထု ဆရာကြီး ၀လာဒီမီယာ နာဗိုကော့်ဗ် စကားကို အမှတ်ရမိပါတယ် ၊ အနုပညာမှာ ဂိုဏ်းတွေရှိတယ်ဆိုရင် တကယ်တော့ ဂိုဏ်းတစ်ဂိုဏ်း တည်းရှိပါတယ် ၊ အဲဒါဟာ genius ပါရမီရှင်တို့ရဲ့ လူမျိုးမရွေး ၊ လိင်မရွေး ၊ ဘာသာမရွေး ၊ တစ်ခုတည်းသော ဂိုဏ်းပဲဖြစ်ပါသတဲ့။

 

အထက်ပါကဗျာလေးကို Alvin က အမည်ပေးမထားသလို ကျွန်တော်လည်းအမည်တစ်ခုခုမတပ်ချင်ပါဘူး။ သူ့ဖါသာသူ free လွတ်လပ် နေတဲ့ သဘောရဲ့ အလှကို ချစ်လို့ပါပဲ။             ။

 

 

ဇေယျာလင်း

လွတ်လပ်ရေးနေ့ ၂၀၁၄

 

 

 

မှတ်ချက်။             ။ Thank you, Alvin, for your poem and the inspiration I got from it.

 

 

 

 

 

 

 

 


အသံ

 

 

ပြောရခက်တာမဟုတ်ဘူး ၊ ပြောမထွက်တာမဟုတ်ဘူး

စကားသံတစ်ခုအဖြစ် လက်နက်ကိရိယာ တန်ဆာပလာ

ရှင်ရင်းပျက်နေတဲ့ ကိုယ်ခန္ဓာတွင်းအင်္ဂါတစ်ခုမြုံနေတာ

ဒီမနက်ခင်းမှာလည်း စကားသံဟာ လွှစက်ထဲထိုးကျွေးတဲ့ သစ်ပင်ပမာ

ဝါကျတစ်ကြောင်းပြည့် ကိုယ်ပြောချင်တာ

ကိုယ့်လည်ကို ကိုယ်လှီးမှ ရတော့မလိုပဲလား

မြုပ်နေတဲ့ ငုတ်လိုအနက်တစ်ခုမှာ ဇက်ပြတ်ကြီးငြိပြီး ထစ်နေတဲ့အသံ

ဆူဆူလျံလျံတွေပဲ ပဲ့တင်ကန်ထုတ်တဲ့ နံရံအသံညံညံဖန်ဖန်တွေ

အရေးထဲ ပါဝင်ပြောဆိုခွင့်မရကြတဲ့

`ပျက်ဆီးချို့ယွင်း´ ၊ `ဘောင်မ၀င်စံမမီ´ ၊ `အရည်အသွေးမပြည့်´

ဖဲ့ထုတ်ခံရတဲ့ `ကျိုးပဲ့အက်ကွဲ´ စကားသံတွေ

တွေ့ကြုံရသမျှထဲ ၀င်ပူးခြောက်လှန့်နေတဲ့ စုန်းကဝေပဲဆိုပါစို့

`တစ္ဆေဆိုတာငါပါပဲ´ အရင်လတ်လတ်ကြီးဝင်လာတယ်

သောင်ပြင်မှာ သဲပူလျှပ်ပြီး အသက်အအနဲ့ သေသွားတယ်

မမြင်ရတဲ့ အသံတစ်ခုတွန်းရွေ့နေတာဘာသံလဲ

ကြည့်လိုက်တိုင်းမှာ ဘာဖြစ်လို့ အသံဟာ အရိပ်လျှိုသွားတာလဲ

နာကျင်မှုရဲ့ အသံဟာ ဘာရုပ်ဆိုလားထွက်သတဲ့

သံတိုသံစတွေလို အသံအစအနလေးတွေ အအ အိပ်မက်ထဲပွားနေသံ

စိမ်းပုပ်ရေညှိထဲက တပွက်ပွက် ထအော်မြည်နေသံမှန်ထဲမှာ

ကိုယ့်နာမည်ကိုယ်မနဲပြန်ခေါ်ပြီး

ကိုယ့်ကိုယ်ကို မနိုင်မနင်းဆွဲထုတ်နေတဲ့အသံ

ဘယ်ဘက်တလျှောက် –1 ၊ –2 ၊ –3 . . .

ညာဘက်တလျှောက် +1 ၊ + 2 ၊ +3 . . .

လည်ချောင်းထဲထည့်သွင်းတပ်စင်ထားတဲ့ ချုံ့သံ ၊ ချဲ့သံ

ရုတ်တရက် အထိအခိုက်မှာ

ကိုယ့်ကို လွတ်အောင်ဘယ်ဆွဲခေါ်ရမှန်းမသိတဲ့

သွေးရူးသွေးတမ်း စိတ္တဇ စိပ်မွှာ လွင့်ကွဲသံ

အရှုံးအထိမှာ ပဋာမြေလူး ၊ ရူးသွပ်ရုန်းငြိသံ

တိမ်ကင်းစင် ကောင်းကင်ပြာကြီး တစ်ခုလုံး

ငြိမ်းအေးချမ်းသာစွာ ဇာတ်လမ်းဆင်

ကြည်လင်ရှင်းသန့် တောင်ကျချောင်းရေ တသွင်သွင်နောက်ကွယ်မှာ

တစ်စက္ကန့်အလိုတာစူနေတဲ့ ချိန်ကိုက်ဗုံး

အသံအိုးထဲ သံတစ်ချောင်းလုံး ရိုက်သွင်းခံလိုက်ရတဲ့အသံ

ဘာသာစကားဦးထဲ ကလေးငယ်ရဲ့ သရသစ်တွေ တီထွင်သံ

 

 

 

 

ဇေယျာလင်း

`လွတ်လပ်ရေး´နေ့ ၂၀၁၄


လောကအမြင်နဲ့ကဗျာ

လောကအမြင်နဲ့ကဗျာ

 

`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။

ကဗျာရေးသူတစ်ယောက်ရဲ့ လောကအမြင်နဲ့ သူရေးတဲ့ ကဗျာဟာ ရာခိုင်နှုံးတော်တော်များများ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကဗျာရေးသူရဲ့ content အကြောင်းအရာရွေးချယ်မှု (၀ါ) အကြောင်းအရာရဲ့ စွဲကပ်ခံရမှုနဲ့ form ပုံသဏ္ဍာန်ဖွဲ့ စည်းတည်ဆောက်ယူခြင်း (၀ါ) ၊ ဖွဲ့စည်းတည်ဆောက်မှုတစ်မျိုးမဟုတ်တစ်မျိုးလာစွဲကပ်ခံရခြင်းတို့ဟာ သူ့လောကအမြင်ကလာတာ တွေပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုယ်မှတ်ကျင့်ရှိသူတွေတောင် အနည်းအကျင်းပဲသိနိုင်တဲ့အတွက် သီအိုရီလို့ပဲ သဘောထားချင်ရင် ကျွန်တော့်ဘက်ကငြင်းမှာ မဟုတ်ပါဘူး။ သီအိုရီဆိုတာ စဉ်းစားတွေးခေါ်မှုရဲ့ ငြမ်းလို့ ကျွန်တော်ယူဆတဲ့အတွက်ဖြစ်ပါတယ်။

ကဗျာရေးသူအဖို့ သူရွေးချယ်တဲ့ စကားလုံး/နိမိတ်ပုံ/အသံကအစ သူချိတ်ဆက်တဲ့ လိုင်းတွေနဲ့ ချိတ်ဆက်ပုံတွေအလယ် ၊ နောက်ဆုံးလိုင်းကို ဘယ်လိုတာဝန်ထမ်းဆောင်ခိုင်းပုံ အဆုံးဟာ `အလိုလို´ဖြစ်လာတာမျိုးမဟုတ်သလို ပုံသေပြုလုပ်မှုမျိုးလည်းမဟုတ် ဘူးဆိုတာ ကဗျာရေးသူတိုင်းသိနိုင်ပါတယ်။ `ရင်ဘတ်´နဲ့ ရေးတာလို့ တလွဲနာမည်ကြီးတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီးကိုချော (ခ) မောင်ချောနွယ်ကိုယ်တိုင် သူ့ဒိုင်ယာရီထဲမှာ သူအထပ်ထပ်အခါခါပြင်ထားတဲ့ မူကြမ်းတွေ ၊ လိုင်းတွေ ကျွန်တော်မျက်စိနဲ့ မြင်ခဲ့ရဘူးပါ တယ်။ ပါရမီရှင်တစ်ပါးလို ရေးတိုင်းကဗျာဖြစ်တာမဟုတ်ဘူးဆိုတာ ကိုချောဟာ သက်သေပါ။ နေရင်းထိုင်ရင်း ၊ သွားရင်းလာရင်း ၊ စားရင်းသောက်ရင်း ၊ စကားစမြည်ပြောဆိုရင် သူကောက်ရလိုက်တဲ့ လိုင်းတွေ ၊ စကားလုံးတွေ ၊နိမိတ်ပုံတွေ ၊ သူကောက်ကာငင်ကာ ရွတ်ပြနိုင်ပေမယ့် အဲဒါတွေဟာ ကဗျာတွေမဟုတ်သေးပါဘူး။ သူတည်ဆောက်ရပါသေးတယ်။ ထို့အတူ အူလီပို Oulipo လို ပုံသေပုံစံ တွေနဲ့ ကဗျာရေးရင်တောင်မှ ပုံသေစကားလုံးနဲ့ ရေးတာမဟုတ်ပဲ စကားလုံးတွေ ရှာဖွေတည်ဆောက်ရပါသေးတယ်။ ကံအားလျော်စွာပဲ ၊ ကိုချောနဲ့ အူလီပိုအကြောင်းပြောမိခြင်းမှာ ဆီလျော်စွာပဲ ကျွန်တော်ပြောချင်တဲ့အကြောင်းပြန်ရောက်သွားပါတယ်။ ကိုချောဟာ သူ့ ကဗျာကို သူက ဗဟိုပြုပြီး သူ့ကဗျာပါ ခံစားမှုဟာ သူ့ခံစားမှုလို့ သူယုံကြည်စွာ ရေးသားခဲ့ပါတယ်။ သူ့ကဗျာထဲက `ငါ´ဟာ သူကိုယ်တိုင် ဖြစ်ပြီး သူ့မိသားစုဝင်တွေရဲ့ နာမည်တွေကိုပါ သူ့ကဗျာတွေထဲမှာ တွေ့ရပါတယ်။ သူ့ကဗျာရဲ့ မူလဖြစ်ဖျားခံရာဟာ သူကိုယ်တိုင်ရဲ့ လောကအမြင် (၀ါ) ပုဂ္ဂလ/အဇျတ္တဘ၀ဖြစ်ပါတယ်။ အလွယ်ပြောရင် သူ့ဘ၀ပေါ့။ အူလီပိုသမားတွေကတော့ ကဗျာကို တည်ဆောက် construct တဲ့ဘက်ပိုဦးတည်ကြပါတယ်။ ရေးသူရဲ့ ဖွင့်ဟဖေါ်ထုတ်လိုမှု expression ထက် ဘာသာစကားနဲ့ တည်ဆောက်ပြလိုမှု construction ဘက်ပိုကဲပါတယ်။ အဲဒီ ဘာသာစကားနဲ့ တည်ဆောက်ပြမှုဟာ ခံစားမှုကိုလည်းဖြစ်စေပါတယ်။ ခံစားမှုကိုတည်ပြီး ဘာသာစကားနဲ့ ပုံဖေါ်တာမဟုတ်ပဲ ဘာသာစကားရဲ့ တစ်နည်းတစ်ဖုံပုံဖေါ်ထားမှုကြောင့် ခံစားမှုဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။ ကဗျာဗေဒအသုံးအနှုံးနဲ့ ဆိုရင် Lyric method နဲ့ anti-Lyric method တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်ဟာပို ကဗျာမြောက် တယ်မမြောက်ဘူးဆိုတာ လောကအမြင်နဲ့ပဲ ဆိုင်ပါတယ်။

ကဗျာရေးသူတစ်ယေက်ဟာ လောကကို အထက်အောက်ဖွဲ့စည်းမှု ၊ ကွင်းဆက်ချိတ်ဆက်မှု ၊ ယုတ္တိနဲ့ တည်ဆောက်မှု ၊ အနက်အဆက်အစပ်ရှိမှု ၊ သူ့ ကဏ္ဍနဲ့ သူအချိုးကျ ပါဝင်တာဝန်ယူရမှု ၊ အစဉ်အလာလူမှုဆက်ဆံရေးကို လက်ခံကျင့်သုံးမှု ၊ စ- လယ်- ဆုံး ညီညွတ်မှု ၊ စသည်ဖြင့်နဲ့ မိမိကို မိမိခိုင်မာတဲ့ အိုင်ဒင်တတီရှိထားမှု ၊ မိမိသိမှုကို မိမိယုံကြည်လက်ခံမှု ၊ မိမိရဲ့ ပုဂ္ဂလအမြင် – အတွေး -ခံစားမှုတို့ကို လုံဝဥဿုံယုံကြည်မှု စသည်တို့နဲ့ မကွဲမပြတ် ချိတ်ဆက်ထားရင် သူရေးတဲ့ ကဗျာရဲ့ ပုံသဏ္ဍာန်မှာလည်း သူ့အမြင်ကို တွေ့ရှိရမှာဖြစ်ပြီး အထက်ပါလောကအမြင်နဲ့ ကွဲပြားခြားနားသူရဲ့ ကဗျာပုံသဏ္ဍာန်ဟာလည်း လိုက်ခြားနားမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာကဗျာရေးသူ လူပုဂ္ဂိုလ်ကနေ ကမ္ဘာကြီးအထိချဲ့တွေးကြည့်ချင်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲသွားတိုင်း အသိအမြင် /လောကအမြင်တွေလိုက်ပြောင်းလဲစမြဲပါပဲ။ ပထမကမ္ဘာစစ်မဖြစ်မီနဲ့ ဖြစ်ပြီးကာလမှာ modernism ဟာ ပညာရပ်လောကမှာရော အနုပညာလောကမှာ ပါပေါ်လာပြီး လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေပေါ် အကျိုးသက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ postmodern ပေါ်လာတယ်လို့ဆိုကြပါတယ်။ စစ်အေးကာလအတွင်းမှာ အတွေးအခေါ်တွေပြောင်းလဲလာပြီး `၆၀ ခုနှစ်နဲ့ `၇၀ ခုနှစ် တွေမှာ အထူးသဖြင့် ပြင်သစ်က တွေးခေါ်ပညာရှင်တွေရဲ့ တင်ပြလာမှုတွေဟာ အခု ကျွန်တော်တို့သိထားတဲ့ postmodern theory တွေပဲပေါ့။ ဒီဘက် ၂၁ ရာစုပိုင်းမှာတော့ ခေတ်စားလာတဲ့ အသုံးအနှုံးဟာ contemporary ပါပဲ။ ဒါကို အချို့က post- postmodern လို့ လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီကိစ္စတွေကို online မှာ တက်ဖတ်လို့ရတဲ့အတွက် ကျွန်တော်အကျယ်တ၀င့်မပြောတော့တာပါ။ `အချို့´ဆိုပြီးတော့လည်း လုံးချနေတယ်လို့ ကျွန်တော့်ကို ထင်ရင်လည်းထင်စေဗျာ ၊ ကျွန်တော့်ရဲ့ အချိန်ကန့်သတ်ချက်နဲ့ ဒီစာလေး ရေးချင်လို့ ရေးလိုက်ရတဲ့အတွက် ချုံ့ပြောလိုက်တာပဲလို့ ယူဆစေချင်ပါတယ်။

လိုရင်းဆက်ပြောရရင် postmodern ကဗျာလို့ သတ်မှတ်တဲ့ ကဗျာတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန် ၊ ဦးတည်ချက် ၊ နဲ့ အသုံးပြုပစ္စည်းတွေ နောက်ကွယ်မှာ ပြောင်းလဲသွားတဲ့ လောကအမြင်တွေရှိပါတယ်။ ပြင်ပအပြောင်းအလဲတွေဟာ ကဗျာရေးသူရဲ့ သိမှုပေါ်လာသက်ရောက်ပြီး ကဗျာရေးသူရဲ့ အမြင်ပြောင်းလဲမှုတွေဟာ သူ့အတိုင်းအတာနဲ့ သူဖြစ်ခဲ့ကြတာပါပဲ။ အဲသလို လောက အမြင်အပြောင်းအလဲတွေနဲ့ ကဗျာပေါ်အယူအဆ ၊ ကဗျာပြုလုပ်ပုံပြုလုပ်နည်းအပြင် ကဗျာဖတ်ပုံဖတ်နည်းပါ ပြောင်းလဲရေးလှုပ်ရှားမှု တွေ လုပ်လာကြတာဖြစ်ပါတယ်။ ဥပမာ ၊ အမေရိကန် LP ပေါ့။ အမေရိကန် Conceptual Poetry ပေါ့။ ကဗျာပြုလုပ်ဖွဲ့စည်းပုံမှာလည်း အသုံးပြုပစ္စည်း Poetic devices တွေအပေါ်အမြင်ပြောင်းတာမျိုး ၊ ဥပမာ metaphor အခြေပြုနဲ့ metonymy အခြေပြု ၊ သုံးတဲ့ပစ္စည်း ချင်းတူပေမယ့် သုံးပုံသုံးနည်းမတူတာတို့ ၊ ဥပမာ hypotaxis ကနေ parataxis ၊ closure ကနေ anti-closure ၊ အချိုးဟပ်စပ်ပြီး ညီ ညွတ်မှုဆီ ဦးတည်တာနဲ့ အချိုးဖျက်ပြီး `အပွင့်´ ရေးတာမျိုး ၊ ယခင် ဆူရီယလ်နည်းတွေကို ဘာသာစကားကဗျာနည်းနဲ့ ရောစပ်သုံးတာ မျိုး ၊ စသဖြင့်။

အခုဒီဘက်ပိုင်း contemporary ကဗျာမှာတော့ synthesis (၀ါ) recombination ဆီသွားနေကြတာတွေ့ရပါတယ်။ narrative ဇာတ်လမ်းစင်မှု ၊ ခံစားမှုနဲ့ စဉ်းစားဆင်ခြင်မှုတို့ကို ပေါင်းစပ်မှု ၊ Lyric ရဲ့ `ငါ´ဗဟိုပြုမှုကို ယူပေမယ့်လည်း အဲဒီ`ငါ´ခံစားမှု သရုပ်ပြဖို့ ထက်စဉ်းစားတွေခေါ်မှုဘက်လှည့်လိုက်မှု (Lyric postmodernisms) ၊ အရေးအသားပုံစံများ ရောနှောဖွဲ့စည်းမှု ၊ အဓိပ္ပါယ်ဆက်စပ်မှု တိုက်ရိုက်မရှိတဲ့လိုင်းတွေ ချိတ်ဆက်မှု ၊ မျဉ်းဖြောင့်ယုတ္တိဆင်ခြင်မှုထက် associative စိတ်ကူးအတွေး ခုန်ကျော်ဆက်စပ်မှု ၊ စတာတွေ တွေ့ရှိဖတ်ရှုနေရပါတယ်။ ဒါတွေဟာ အလွယ်တကူယူသုံးလို့ရတဲ့ နည်းတွေ ၊ တက္ကနိတွေလို့ အယူလွဲသုံးမှုတွေ ကမ္ဘာမှာလည်းကမ္ဘာနဲ့ ချီပါပဲ။ ဒါပေမယ့် လူသိသူသိ ကဗျာရေးသူတွေဖြစ်လာကြသလား။ online သော်လည်းကောင်း print သော်လည်းကောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းလေးထဲမှာပဲ ရှိတတ်ကြပါတယ်။ ကဗျာကိုအလေးအနက်ထား ကိုင်ဆွဲသူတစ်ယောက်အတွက်တော့ သူ့လောက အမြင်နဲ့ သူ့ကဗျာရဲ့ ဆက်သွယ်မှုကို ရှာဖွေဖော်ထုတ် တင်ပြကြတာတွေ ရှာဖွေဖတ်ရှုလို့ရပါတယ်။ ထို့အတူ မိမိကိုယ်မိမိ ကဗျာကိုအလေးအ နက်ထားသူအဖြစ်ခံယူရင် မိမိကိုယ်မိမိလည်း စူးစမ်းကြည့်တာ မမှားပါဘူး။ မိမိရေးတဲ့ ကဗျာနဲ့ မိမိထားရှိတဲ့ အမြင်တွေနဲ့ ဆက်စပ် စူးစမ်းလို့ရပါတယ်။ အဲဒီမှာ မိမိရဲ့မိမိကိုယ်တိုင် သိချင်မှသိမယ့် လောကအမြင်ကို သတိထားမိရင် ထားမိသွားပါလိမ့်မယ် ၊ လှုပ်ရင်လည်း လှုပ်သွားပါလိမ့်မယ်။ ရေးပြီးတဲ့ ကဗျာကို စုတ်တောင်ဖြဲလိုက်မိပါလိမ့်မယ် `သဟဇာတ´ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကိုလည်း အထိတ်တလန့် မြင်ကောင်းမြင်သွားပါလိမ့်မယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံလည်း ဆိုင်မယ်ထင်ပါတယ်။

ထင်ရှားတာကတော့ ကဗျာပေါ်မှာ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်ဝါဒ ၊ ဘယ်ဂိုဏ်းကမှ လက်ဝါးကြီးအုပ်လို့မရတော့ခြင်းပါပဲ။ လူ့အဖွဲ့ အစည်းတစ်ခုတည်းမှာတင်ပဲ အစဉ်အလာ ဂန္တ၀င်ကဗျာ ၊ မော်ဒန်ကဗျာ ၊ ပို့စ်မော်ဒန်ကဗျာနဲ့ ကွန်တမ်ပိုရာရီကဗျာတို့အတူတကွ ယှဉ်တွဲ နေထိုင်နေကြတာလည်း တွေ့ရပေါ့။ ကွဲပြားခြားနားမှုဟာ ပြိုကွဲမှုမဟုတ် ၊ ရန်ဘက်မဟုတ် ၊ အန္တာရယ်မဟုတ်လို့ လက်ခံလိုက်ရင် ကဗျာ ရေးသူရဲ့ လောကအမြင်ဟာ နည်းနည်းတော့ ရွေ့သွားမလား။ အဲဒီအရွေ့ဟာ ကဗျာရေးမှုပေါ်မသက်ရောက်ဘူးလို့ ပြောနိုင်မလား။ မိမိရဲ့ကိုယ်ပိုင်တည်ဆောက်ယူထားတဲ့ ကဗျာဗေဒကော ဖြစ်မလာနိုင်ဘူးလို့ပြောနိုင်မလား။

 

 

 

ကျေးဇူးတင်ပါတယ်။

 

 

ဇေယျာလင်း

21 – Dec – 13

 

 


ကဗျာတစ်ပုဒ်ရဲ့ ဂီတ

ကဗျာတစ်ပုဒ်ရဲ့ ဂီတ

 

ကဗျာတစ်ပုဒ်ရဲ့ ဂီတဆိုတာ အသံစနစ်ထက်ပိုပါတယ်။ ကာရန် ၊ နဘေ ၊ ထပ်ကျော့ ၊ နရီ စတဲ့ ကဗျာပုဒ်ရဲ့ အသံဖွဲ့စည်းမှု ပိုင်းဆိုင်ရာထက်မကပိုပါတယ်။

အသံဖွဲ့စည်းမှုက လာတာမဟုတ်ရင် ကဗျာပုဒ်ရဲ့ ဂီတဘယ်ကလာသလဲ။

ကဗျာပုဒ်ထဲက လေသံအပြောင်းကလည်းလာတယ်။ လေသံဆိုတာ ကဗျာရေးသူရဲ့ ရေးနေတဲ့အကြောင်းအရာပေါ် သဘောထားလည်းဖြစ်တယ်။

အကြောင်းအရာ  ၊ နိမိတ်ပုံ အခုန်အကူးဆီကလည်းလာတယ်။ ယုတ္တိဆက်စပ်မှုနဲ့ တွဲချိတ်ထားတာမဟုတ်တဲ့ အာရုံအခုန် အကူးကလာတယ်။

အဆိုတစ်ရပ်နဲ့ တစ်ရပ်အကူးကိုချိန်ကိုက်ထားမှုကလည်းလာတယ်။

ဘယ်ကလာလာ ၊ ဒီဂီတဟာ ကဗျာပုဒ်ရဲ့ ပေါ်လွင်တဲ့ စကားလုံးအနက်အဓိပ္ပါယ်တွေကို စီရင်တယ်။

ဒီဂီတဟာ ဆင်ခြင်ယုတ္တိအသွားနဲ့ ခပ်ကွာကွာနေကောင်းနေပေမယ့် သီးခြားမဟုတ်ပြန်ဘူး။

အတ္ထဗေဒရဲ့ စီရင်မှုနဲ့လည်း မနီးမဝေးမှာ မရောမထွေးပဲရှိပြန်တယ်။

ဒီဂီတရှင်သန်လှုပ်ရှားနေတဲ့ ကဗျာပုဒ်ဖတ်ရတဲ့အခါ ရေးသူရဲ့ စိတ်သဏ္ဍာန်နိုးကြွရှင်သန်လှုပ်ရှားနေမှုကို သက်သေအဖြစ်မြင် နေရ တယ် ၊ အာရုံရနေရတယ်။ ခံစားမှုကို အတွေးနဲ့ ၊ အတွေးကို ခံစားမှုနဲ့ ပူးယှက်စေတယ်။

အချက်အလက်ကမ္ဘာမှာ နေထိုင်ရခြင်းထဲက မိမိရဲ့ ကိုယ်ပိုင် ကမ္ဘာတည်ဆောက်လိုမှုဆန္ဒကို ကြိုးစားပုံဖေါ်ခြင်းထဲကလည်း ဒီဂီတဟာ မယုံသင်္ကာဖြစ်ရလောက်အောင် ၊ သံသယ၀င်ရလောက်အောင် ၊ ယုံကြည်ရခက်ခဲလောက်အောင် လျှပ်တပြက်ပေါ်လွင်လာ တာလည်းဖြစ်တယ်။

ကဗျာပုဒ် ပီပီပြင်ပြင်လာဖို့ စိတ်အလုပ်ရဲ့ ဂီတ

ဘာသာစကားသက်သက်မဟုတ်ဘူး

အာဝဇ္ဇန်းသက်သက်မဟုတ်ဘူး

`ခံစားမှု´ သက်သက်မဟုတ်ဘူး

ကွန်ဆက်ပ်တ်သက်သက်မဟုတ်ဘူး

ဖန်တရာတွေရေးနည်း/တွေးနည်းသက်သက်မဟုတ်ဘူး

သိမ်မွေ့တဲ့ စိတ်ရဲ့ ဆက်စပ်မှုတွေရဲ့ ထူးခြားရလာဒ်ဖြစ်တယ်

ကဗျာပုဒ်ရဲ့ အသက်ဓါတ်

 

 

 

 ဇေယျာလင်း

ငွေဆောင်ကမ်းခြေဆည်းစာ

28 – Dec – 13 

 

 


ကဗျာဆိုင်ရာ မေးခွန်းများအတွဲ (၂)

ကဗျာဆိုင်ရာ မေးခွန်းများအတွဲ (၂)

 

ကဗျာဟာ တိုးတက်သလား။ ကဗျာမှာ တိုးတက်တယ်ဆိုတာရှိသလား။ ဆုတ်ယုတ်တာကောရှိသလား။ တိုးတက်တာ ဆုတ် ယုတ်တာထက် ပြောင်းလဲသွားတာပဲလား။ ကဗျာပြုလုပ်တဲ့ အခြေခံပစ္စည်းတွေဟာ အသေတွေလား ၊ အစဉ်အမြဲပြောင်းလဲလှုပ်ရှားနေ ကြသလား။ ကဗျာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဟောင်းနွမ်းသွားရင် ကဗျာဟာ ဆုတ်ယုတ် သွားသလား။ ကဗျာမှာ သုံးတဲ့ ပစ္စည်းတွေ ဆန်းသစ်လာရင် ကဗျာဟာ တိုးတက်လာသလား။ ကဗျာဟာ ကမ္ဘာနဲ့အတူလိုက်ပြောင်းလဲ နေသလား။ ကမ္ဘာနဲ့အတူလိုက်တိုးတက်နေ သလား။ ကဗျာဟာ ကမ္ဘာကို တိုးတက်အောင်လုပ်ပေးနိုင်သလား။ ကဗျာကိုချစ်သင့်သလား။ ကဗျာရေးသူဟာ ကဗျာကိုချစ်ခင်မှုဆီက ကဗျာဈာန်ဝင်စားမှုရရှိသလား။ ကဗျာကို ချစ်ခင်ရတာဟာ စိတ်ပျက်စရာမို့ ကဗျာဈာန်ဝင်စားမှု ရရှိတာလား။ ကဗျာရေးသူဟာ ကဗျာကို ပြောင်းလဲချင်စိတ်ကနေ ကဗျာဈာန်ဝင်စားမှုရရှိတာလား။ ကဗျာရေးသူဟာ စည်းအပြင်ကလူ ဖြစ်သင့်သလား။ စည်းအတွင်းက ကဗျာ ကိုပဲ လက်ခံရေးသားရသလား။ ကဗျာရေးသူဟာ သူသုံးစွဲတဲ့ ကဗျာပစ္စည်းတွေအကြောင်း ဂဃနဏ နားလည်ဖို့လိုသလား။ နားမလည် လည်း ကဗျာရေးလို့ရသလား။ ကဗျာသိပ်မဖတ်ဖြစ်တဲ့ ကဗျာရေးသူဟာ ကဗျာကောင်းတွေ ရေးနိုင်မလား။ ကဗျာမဖတ်ပဲ ကဗျာရေးတာ ရှက်စရာလား။ ရှိရင်းစွဲကဗျာတွေက တမင်မဖတ်တာဟာ ကဗျာကို ပြောင်းလဲဖို့ ထောက်ပံ့သလား။ ဘာဖြစ်လို့ လူတော်တော်များများ ဟာ ကဗျာမဖတ်ကြတာလဲ။ ကဗျာဟာ ဘ၀နဲ့ တိုက်ရိုက်ပတ်သက်မှုမရှိလို့လား ၊ အကျိုးမရှိလို့လား။ ကဗျာကို ဒီလိုမြင်တာဟာ ကဗျာ ရေးသူရဲ့ အပြစ်လား ၊ မဖတ်သူတွေရဲ့ အပြစ်လား။ ကဗျာကောင်းတွေကိုကော လူတွေက ဥပေက္ခာပြုကြသလား။ ညံ့ဖျင်းတဲ့ ကဗျာ အမည်ခံတွေကြောင့် ကဗျာဟာ စိတ်ဝင်စားစရာမကောင်းတော့တာလား။ ကဗျာပေါ်စိတ်ဝင်စားမှုလျော့နည်းလာတာ ကဗျာရေးသူ ကြောင့်လား ၊ ထုတ်ဝေသူကြောင့်လား ၊ အစိုးရကြောင့်လား ၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကြောင့်လား။ အများဖတ်မှ ကဗျာဟာရပ် တည်လို့ရမှာလား။ လေဆိပ်စာအုပ်ဆိုင်တွေမှာ ကဗျာစာအုပ်မတင်တာနဲ့ လေဆိပ်မှာ ကဗျာမရှိတော့ဘူးလား။ ကဗျာဟာ ဟောလီးဝပ်ဒ် နဲ့ ပြိုင်စရာလိုသလား။ လူ့အဖွဲ့အစည်းမှာ ကဗျာလိုအပ်သလား ၊ ကဗျာဆရာတွေလိုအပ်သလား။ ကဗျာဆရာတွေဟာ လူ့အဖွဲ့အစည်း ကို အကျိုးပြုသလား ၊ အနှောက်အယှက်ပေးသလား ၊ ဘယ်ဟာပေးပေးဘယ်လိုပေးသလဲ။ ကဗျာဆရာတွေဟာ လူ့အဖွဲ့အစည်းမှာ အသိအမှတ်ပြုမခံရတဲ့ခေါင်းဆောင်တွေလား။ လူ့အဖွဲ့အစည်းဟာ ကဗျာဆရာတွေကို အသိအမှတ်ပြုသလား။ ကဗျာဆရာတွေဟာ လူ့ အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုခံရဖို့လိုအပ်သလား။ ကဗျာရေးသူအချင်းချင်း သီးခြားလူ့အသိုင်းအ၀ိုင်းဖန်တီးသင့်သလား။ ကဗျာရေးသူ အချင်းချင်း ပြိုင်ဆိုင်သင့်သလား။ တစ်ယောက်နဲ့တစ်ယောက်အမှီသဟဲပြုကြသလား ၊ ပြုသင့်သလား ၊ သီးခြားစီနေသင့်သလား။ ကဗျာ ဂိုဏ်းထောင်တာ ဘာအကျိုးရှိသလဲ။ ကဗျာနဲ့ ပတ်သက်လို့တူညီတဲ့ အယူအဆတွေကို ထူထောင်ရင် ဂိုဏ်းဝင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဆင်တူဖြစ်မနေဘူးလား။ ဒါဟာဖြစ်သင့်သလား ၊မဖြစ်သင့်ဘူးလား။ ကဗျာအယူအဆငြင်းခုံပွဲတွေဟာ ကဗျာကိုထက်မြက် စေသလား ၊ အာရုံနောက်စရာတွေပဲလား။ အခြားကဗျာရေးသူတွေရဲ့ အသိအမှတ်ပြုခံရမှ ကိုယ်လည်းကဗျာဆရာ/ရေးသူဖြစ်သလား။ အခြားကဗျာရေးသူတွေကိုလည်း ကိုယ်ကအသိအမှတ်ပြုဖို့လိုသလား။ အခြားကဗျာရေးသူတွေကို ဆရာတင်သင့်သလား ၊ ဆရာလုပ် သင့်သလား။ ကဗျာနဲ့ အခြားအနုပညာရပ်တွေဘယ်လို ပတ်သက်ကြသလဲ။ အနုပညာရပ်အားလုံးဟာ ပြောချင်တဲ့အကြောင်းတစ်ခု တည်းကို နည်းအမျိုးမျိုးနဲ့ပြောနေကြတာပဲလား။ ဘယ်အကြောင်းအရာဟာ ဘယ်အနုပညာနဲ့မှ ပိုကိုက်ညီတယ်ဆိုတာရှိသလား။ ကဗျာ နဲ့ အခြားအနုပညာရပ်တွေဟာ ပုံသဏ္ဍာန်ဖွဲ့စည်းမှုပဲကွာတာလား ၊ အခြေခံအနှစ်သာရအားဖြင့် ကွာတာလား။ ကဗျာရေးသူဟာပန်းချီ ဆရာ ၊ သို့မဟုတ် ဂီတဖန်တီးသူထံမှ သင်ယူနိုင်စရာတွေရှိသလား။ ကဗျာရေးသူဟာ သူ့ လက်တက်လာတာ ၊ ကျသွားတာကို သိနိုင် သလား။ ကဗျာရေးခြင်းမှာ လက်တက်လာတယ်ဆိုတာရှိသလား။ ကဗျာရေးခြင်းဖြစ်စဉ်မှာပဲ အဆင့်ဆင့်ပြောင်းလဲသွားတာလား။ ကဗျာ အကြောင်းပိုနားလည်လာတာနဲ့အမျှ ကဗျာလက်ကတက်လာသလား။ ကိုယ့်ကိုကိုယ် လက်တက်လာပြီလို့ထင်နေတာဟာ တကယ် တော့ လက်ကျလာတာကော မဖြစ်နိုင်ဘူးလား။ ကိုယ်လက်တက်လာသလား ၊ ကျသွားသလားဆိုတာ အခြားတစ်ယောက်က ပိုသိနိုင် မလား။ ကဗျာရေးသူဟာ သူ့ကဗျာကို ပြင်ပ ပရိသတ်တစ်ဦးအနေနဲ့ ဖတ်တတ်သလား ၊ ဖတ်သင့်သလား ၊ ဖတ်ဖို့လိုသလား။ ကိုယ်ရေး တဲ့ ကဗျာကို ကိုယ်ဓမ္မဓိဋ္ဌာန်ကျကျ (ပုဂ္ဂလအစွဲဖြုတ်ပြီး)ဖတ်တတ်သလား။ ကဗျာရေးသူရဲ့ သူရေးတဲ့ ကဗျာအပေါ်ခံစားတာဟာ ဖတ်သူ ရဲ့ ခံစားမှုထက်ပိုအရေးကြီးသလား။ ကဗျာရေးသူရဲ့ သူ့ကဗျာအပေါ် ကဗျာရေးသူကိုယ်တိုင်ထက် ပိုနားလည်နိုင်တဲ့သူရှိနိုင်ပါ့မလား။ ကဗျာဗေဒပညာရှင်ဟာ ကဗျာရေးသူရဲ့ ကဗျာပုဒ်ကို ကဗျာရေးသူထက်ပိုသိနိုင်သလား။ ကဗျာရေးသူဟာ သူနှစ်သက်တဲ့ ဟန်ကိုပဲ စွဲစွဲ မြဲမြဲရေးသင့်သလား။ ဟန်တစ်မျိုးမက တတ်ကျွမ်းတာ ကဗျာရေးသူအတွက် အန္တာရာယ်ရှိသလား။ နာမည်ရကဗျာရဲ့ ဟန်ကိုပဲဆက် လက်သုံးစွဲသင့်သလား။ ကဗျာရေးသူဟာ ဟန်တစ်မျိုးကနေတစ်မျိုးပြောင်းသင့်သလား။ သူ့ပရိသတ် လက်ခံတဲ့ ဟန်ကိုပဲ ဆက်လက် သုံးစွဲသင့်သလား။ ဟန်သစ်တစ်ခုခုကို သုံးစွဲရင် ယုံကြည်မှုနဲ့ သုံးတာလား ၊ `စမ်းသပ်´ကြည့်ဖို့သုံးတာလား။ ဟန်တစ်မျိုးကို ပီပီပြင်ပြင် တတ်ကျွမ်းနိုင်ဖို့ အချိန်လုံလုံလောက်လောက်ရှိနိုင်သလား။ ဟန်တစ်မျိုးထက်ပိုတတ်ကျွမ်းဖို့ အချိန် လုံလုံလောက်လောက်ရှိသလား။ ဟန်ပြောင်းရေးရင် ပရိသတ်ကို သစ္စာဖေါက်ရာကျမလား။ ပရိသတ်ကို စိတ်လန်းဆန်းသွားစေသလား။ စိတ်ရှုပ်ထွေးသွားစေသလား။ ပရိသတ်နဲ့ မိတ်ပျက်သွားစေသလား။ ကဗျာရေးခြင်းမှာ model စံ ပုံစံတစ်ခုခုထားရှိသင့်သလား။ ဘယ်ဟာကို စံ ပုံစံအဖြစ်ထားရှိမလဲ။ စံ ပုံစံအတိုင်းလိုက်ရေးရင် ကိုယ်ပြောချင်တာ ပြောနိုင်ပါ့မလား။ စံပုံစံဟာ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်သလား။ ဘာစံပုံစံမှမထားပဲရေး တာ ပိုကောင်းသလား။ ကဗျာရေးသူမြင်တဲ့ အရှိတရားရဲ့ ကောက်ကြောင်းနဲ့ စံ ပုံစံဟာ သဟဇာတဖြစ်ပါ့မလား ၊ ဖြစ်သလား။ ကဗျာရေး သူဟာ ဘယ်လို Voice  လေသံမျိုးနဲ့ရေးသင့်သလဲ။ စကားပြောလေသံနဲ့ အရေးအသားလေသံဘာကွာသလဲ။ စကားပြောလေသံကသာ စစ်မှန်သလား။ ကိုယ်စကားပြောသလိုကဗျာရေး(ရ) တာလား။ စကားပြောလေသံကို ပြုပြင်ပြောင်းလဲ ယူသလား။ ပြုပြင်ပြောင်းလဲလိုက် ရင် ကိုယ့်မူလစကားပြောလေသံဖြစ်ပါဦးမလား။ စံ ပုံစံရဲ့ လေသံကို ကိုယ်ယူမိရာရောက်မလား။ ကဗျာရေးသူဟာ သူ့ရဲ့လေသံအစစ် အမှန်ကို သူတည်ဆောက်ယူနိုင်သလား။ စကားပြောလေသံတစ်ခုခုကို မွေးစားသင့်သလား။  ကဗျာပုဒ်တစ်မျိုးစီမှာ စကားပြောလေသံ တစ်မျိုးစီရှိသင့်သလား။ ကိုယ့်ကဗျာရဲ့ အမှတ်တံဆိပ်အဖြစ် ကိုယ်ရေးတဲ့ ကဗျာပုဒ်တိုင်းမှာ ကိုယ့်စကားပြောလေသံတစ်သံတည်းထွက် ဖို့လိုသလား။ ကဗျာပုဒ်တစ်ပုဒ်ထဲမှာပဲ လေသံအမျိုးမျိုးပြောင်းသုံးလို့ရသလား ၊ သုံးသင့်သလား။ ကဗျာတစ်ပုဒ်မှာ လေသံတစ်ခုတည်း တသမတ်ရှိဖို့လိုသလား ၊ ရှိသင့်သလား ၊ ရှိရသလား။ ကဗျာပုဒ်ကို စာဖတ်သလို ရွတ်ဖတ်သင့်သလား ၊ စကားပြောသလို ပြောဆိုသင့် သလား။ ကဗျာရေးသူကိုယ်တိုင်ရွတ်ဖတ်တာနဲ့ အခြားတစ်ယောက်ရွတ်ဖတ်တာ တူနိုင်သလား။ ပြဇာတ်ဆန်ဆန်အရွတ်အဖတ်ကော ကောင်းနိုင်ပါ့မလား။ ပြဇာတ်မှာ အရွတ်အဖတ်ကျွမ်းကျင်သူဟာ ကဗျာရေးသူကိုယ်တိုင်ထက် ကဗျာပုဒ်ကို ပိုကောင်းအောင်ရွတ်ဖတ် နိုင်သလား။ သာမန်အဆင့်ကဗျာကို ရွတ်ဖတ်လိုက်မှ ပိုကောင်းသွားတာရှိနိုင်သလား။ ရှိရင် အဲဒီကဗျာပုဒ်ရဲ့ သတ္တိဟာ စာလုံးထဲမှာ ရှိတာလား ၊ အသံထဲမှာ ရှိတာလား။ ကဗျာအရင်လာသလား ၊ အဓိပ္ပါယ်အရင်လာသလား။ ကဗျာမရေးခင် ပါဝင်ထည့်သွင်းလိုတဲ့ အကြောင်းအရာတွေ ကြိုတင်စာရင်းပြုစုသင့်သလား။ ရေးပြီးမှ လိုရာဖြည့်ဆည်းသင့်သလား။ မူလဆိုလိုရင်းကို စကားပြောနဲ့ စဉ်းစား ပြီးမှ ကဗျာအဖြစ်ပြုလုပ်ရေးသားတာလား။ ပုံသဏ္ဍာန်နဲ့ အဓိပ္ပါယ်ဘယ်လိုဆက်စပ်သလဲ။ ခွဲပြောလို့ရသလား။ ခွဲလို့မရဘူးလား။

 

 

 

 

  ဇေယျာလင်း

                                                                                                                        15 – Dec – 13 


ကဗျာဆိုင်ရာမေးခွန်းများအတွဲ (၁)

ကဗျာဆိုင်ရာမေးခွန်းများအတွဲ (၁)

 

ကဗျာဟာ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲသင့်သလား။ တစ်ခုခုထ လှုပ်ရှားဆောင်ရွက်ဖို့ တွန်းအားပေး သင့်သလား။ တော်လှန်ရေးတစ်ရပ်ရပ်ကို စတင်သင့်သလား။ ဥာဏ်ကို ထက်မြက်အောင်ပြုလုပ်သင့်သလား။ ခံစားမှုတစ်ခုခုကို နှိုးဆွ သင့်သလား။ ကဗျာရေးသူနဲ့ ဖတ်သူရဲ့ ဆက်ဆံရေးဟာ ဘယ်လိုရှိသလဲ။ ကဗျာရေးသူဟာ ဖတ်သူအထက်မှာရှိပြီး ဖတ်သူကိုအထက် စီးက ဟောပြောပို့ချနေသူလား။ ကဗျာရေးသူဟာ ဖတ်သူနဲ့ ဆက်ဆံရေးအနေအထားတစ်ခု ကြိုတင်ရယူထားသင့်သလား။ ဖတ်သူဟာ ကဗျာပုဒ်ရဲ့ အစိပ်အပိုင်းတစ်ခုလား။ ဖတ်သူဟာ ရေးသူရဲ့ လက်အောက်ခံအဖြစ်ရှိနေရတာ ကျေနပ်သလား။ ရေးသူရဲ့ မြှင့်တင်ပေးမှု ရှိမှ ဖတ်သူဟာ မြင့်တက်လာရသလား။ ဖတ်သူတစ်ဦးဦးကို ရည်ရွယ်ပြီး ကဗျာရေးတာလား။ မဟုတ်ရင် ဘယ်သူ့အတွက် ရည်ရွယ်သ လဲ။ ဖတ်သူကို ထည့်စဉ်းစားပြီး ကဗျာရေးဖို့လိုသလား။ ကဗျာရေးသူဟာ ပရိသတ်ကိုမငဲ့ပဲ မိမိကိုယ်ပိုင်ဆန္ဒအလျောက်ရေးသင့်သလား။ ကဗျာရေးသူဟာ ရေးနေစဉ်မှာ ပရိသတ်ကို ငဲ့သင့်လို့ငဲ့ရတယ်ဆိုရင် အဲသလို ငဲ့ရေးတဲ့အတွက် ပရိသတ်ရဲ့ ကဗျာဖတ်မှုစွမ်းရည်မြင့် တက်လာမလား ၊ နိမ့်ကျသွားမလား။ ကဗျာရေးသူဟာ ဘယ်သူ့လက်အောက်မှာမှ အလုပ်မလုပ်ပဲ နေသူလား။ ကဗျာရေးသူဟာ အဖွဲ့ အစည်းတစ်ခုခု ၊ သို့မဟုတ် အစိုးရရဲ့ အထောက်အပံ့ယူပြီး ကဗျာရေးတဲ့ အလုပ်လုပ်သင့်သလား။ ကဗျာရေးသူဟာ အဖွဲ့အစည်းတစ် ခုခုရဲ့ ဆုချီးမြှင့်ခြင်းခံရရင် အဲဒီအဖွဲ့အစည်းအတွက် ကဗျာရေးပေးဖို့ လိုသလား။ ကဗျာရေးသူ သုံးစွဲတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေ ကို ဘယ်သူ(တွေ)က သတ်မှတ်သလဲ။ လူ့အဖွဲ့အစည်းက အနက်အဓိပ္ပါယ်သတ်မှတ်ပြီးသားစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်တွေကို  ကဗျာရေးသူက ပြင်ခွင့်/ပြောင်းလဲသုံးစွဲခွင့်ရှိသလား။ ကဗျာရေးသူဟာ သူမှီတင်းနေထိုင်တဲ့ လူအဖွဲ့အစည်းရဲ့ ဘာသာစကားကို သုံးစွဲ ပြီး ကဗျာရေးရင် သူဟာ သူ့ လူ့အဖွဲ့အစည်းနဲ့ပဲ တိုက်ရိုက်ချိတ်ဆက်နေရမလား။ ကဗျာရေးသူဟာ ရှိရင်းစွဲစကားလုံးတွေကို ထူးခြားစွာ သုံးစွဲတဲ့အတွက် ဘာသာစကားသစ်တီထွင်သလား။ ဘာသာစကားဟာ ကဗျာရေးခြင်းအတွက် အနှောင့်အယှက်ဖြစ်သလား ၊ ဒါမှမ ဟုတ် ကဗျာဖြစ်နိုင်ချေရဲ့ အသက်သွေးကြောလား။ ကဗျာပုဒ်မှာ အသုံးချမှု တန်ဘိုးရှိသလား။ ကဗျာပုဒ်ကို ဘယ်လိုအသုံးပြု(လို့) ရသ လဲ။ ကဗျာဟာ လက်နက်ကရိယာလား။ ကဗျာပုဒ်ကို တစ်နည်းနည်းနဲ့ အသုံးပြုလို့ရရင် ကဗျာအနုပညာရဲ့ တန်ဘိုးလျော့သွားသလား။ ကဗျာအနုပညာဟာ အနုပညာသက်သက်အတွက် တည်ရှိသလား။ ဘယ်အရာမဆို ယင်းရဲ့ လုပ်ငန်းဆောင်တာ(တွေ)ရှိသလား။ ကဗျာ ပုဒ်တွေမှာ ဘာတာဝန်မှ မရှိရင် ကဗျာရေးသူမှာကော တာဝန်ရှိသလား။ ကဗျာဟာ အပြောင်းအလဲ တစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သ လား။ ကဗျာပုဒ်ကို ဖတ်ပြီးတဲ့အခါ ဖတ်သူရဲ့ ဘ၀နေထိုင်မှုမှာ အပြောင်းအလဲတစ်ခုခုဖြစ်သွားသလား။ ကဗျာပုဒ်ကြောင့် လူ့အဖွဲ့အ စည်းမှာ အပြောင်းအလဲတစ်ခုခုဖြစ်သွားသလား။ ကဗျာဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ ဆိုင်သလား ၊ ဒါမှမဟုတ် ကဗျာလောက/ ကဗျာအသိုင်းအ၀ိုင်းနဲ့ပဲ ပတ်သက်သလား။ လူ့အဖွဲ့အစည်းမှာ ကဗျာဟာ ကြီးမားတဲ့ အရာတစ်ခုလား ၊ ကြီးမားတဲ့ ကဏ္ဍတစ်ခုဖြစ် သလား။ လူ့အဖွဲ့အစည်းဖြစ်ဖြစ် ၊ ကဗျာလောက/ကဗျာအသိုင်းအ၀ိုင်းဖြစ်ဖြစ်မှာ ကဗျာရဲ့ ကဏ္ဍကို ကဗျာရေးသူတစ်ဦးတည်းက တာ ၀န်ယူနိုင်သလား။ ကဗျာကြောင့် အပြောင်းအလဲတစ်ရပ်ရပ်ဖြစ်ခဲ့သည်ရှိဦးတော့ ၊ ဒီအပြောင်းအလဲဟာ ချက်ချင်းဖြစ်သလား ၊ ဖြစ်စဉ် တစ်ခုလို တစ်ဆင့်ပြီး တစ်ဆင့်ဖြစ်သလား။ ကြီးမားတဲ့ အပြောင်းအလဲလား။ ကဗျာဟာ လမ်းပြအဖြစ်ပဲ ဆောင်ရွက်နိုင်သလား။ ကဗျာ ရေးခြင်းကိုယ်တိုင်ဟာ ပြောင်းလဲမှုအတွက် ကျိုးစားအားထုတ်တာလား။ ကဗျာရေးခြင်းဟာ အလုပ်လား ၊ အပမ်းဖြေမှုလား။ ကဗျာရေး ခြင်းဟာ အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်သလား။ ဖြစ်သင့်သလား။ ဖြစ်နိုင်သလား။ ငွေပေါ်မှီခိုနေရခြင်းဟာ ကဗျာရေးခြင်းကို ယုတ် လျော့စေသလား ၊ ထက်မြက်စေသလား။ ငွေကြောင့်ကဗျာရေးဖို့ ဈာန်ဝင်စားမှု ပိုမိုရရှိသလား။ ငွေကြေးလိုအပ်ချက်ကြောင့်ရေးတဲ့ ကဗျာဟာ အပမ်းဖြေအပျော်ရေးတဲ့ ကဗျာထက်ပိုကောင်းသလား။ ကဗျာရေးခြင်းကို မိမိဘ၀ရဲ့ အလုပ်လို့/ ကဗျာရေးခြင်းမှာ မိမိဘ၀ ကို နှစ်မြှုပ်ထားရှိသင့်သလား။ ဒါဟာ အရေးကြီးသလား။ ကဗျာရေးသူဟာ အသက်မွေးဝမ်းကျောင်းပြီး ငွေရှာသူတွေနဲ့ တန်းသူ အဆင့် အတန်းရှိသလား။ ပရိုဖယ်ရှင်နလ်ကဗျာရေးသူဟာ သူ့ကဗျာလောက/ကဗျာအသိုင်းနဲ့က လွဲလို့ ပိုမိုကျယ်ပြန်တဲ့ လူ့အဖွဲ့အစည်းကြီးနဲ့ အဆက်ပြတ်နေသူလား။ ငွေကြေး ၊ မိသားစု ၊ စားဝတ်နေရေး ၊ ဆာလောင်မွတ်သိပ်မှု ၊ AIDS စတာတွေနဲ့ ကင်းကင်းရှင်းရှင်းနေသူ လား။ ကဗျာရေးရင် modern မဖြစ်ဖြစ်အောင်ရေးဖို့ လိုသလား။ ရှေးဟောင်းကဗျာပုံသဏ္ဍာန်တွေဆက်သုံးလို့ရသလား။ ရှေးဟောင်း ကဗျာပုံသဏ္ဍာန်တွေဟာ ဖန်တီးမှုစွမ်းအားတွေ ကျဆင်းသွားခဲ့ကြသလား။ ဒီခေတ်ဦးဏှောက်တွေကို ဆက်လက်ဖွင့်လို့ရတဲ့ သော့ တွေဖြစ်သေးလား။ ကဗျာရေးသူဟာ modern လို့ဆိုတဲ့ နည်းတွေ သုံးရမလား ၊ ဒါမှမဟုတ် နည်းသစ်တွေအမြှဲရှာဖွေနေရသလား။ modern ပုံသဏ္ဍာန်နဲ့ ရေးရုံနဲ့ modern ကဗျာဖြစ်သလား။ ပုံသဏ္ဍာန်ဟာ modern ဖြစ်ပြီး အကြောင်းအရာဟာ modern ဖြစ်မနေ ရင်ကော။ modern အကြောင်းအရာဆိုတာဘာလဲ။ modern အကြောင်းအရာကို ရှေးဟောင်းပုံသဏ္ဍာန်နဲ့ ရေးလို့မရဘူးလား။ ဆင်စဘစ်လတီပဲ modern ဖြစ်နေဖို့လိုသလား။ အဲဒါဘာကို ဆိုလိုတာလဲ။ ဒီနေ့ကဗျာရေးတိုင်း modern ဖြစ်သလား။ ကဗျာအစဉ် အလာကြောင့် အရေးအသားဟာ ကဗျာမည်တာလား။ အစဉ်အလာကဗျာကြောင့် ကဗျာကို နှစ်သက်ကြတာလား။ ဘယ်ကဗျာမဆိုဟာ အစဉ်အလာနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်ဆက်စပ်နေသလား။ ကဗျာရေးသူဟာ သူနေထိုင်တဲ့ ခေတ်အကြောင်းပဲရေးမလား။ ကဗျာရေးသူဟာ သူ့ခေတ်ကို ကျော်လွန်ပြီး ရေးသားသလား။ ကဗျာရေးသူဟာ အတိတ်ခေတ်အကြောင်းအရာတွေ ရေးသလား။ ကဗျာ ရေးသူရဲ့ စိတ်ဟာ သူ့ကိုယ်ပိုင် မွေးရာပါလား ၊ လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်မှုလား။ ခေတ်ကာလရဲ့ အစိပ်အပိုင်းလား။ ကဗျာရေး သူဟာ သူ့ခေတ်ကို သူသိသမျှပဲရေးသလား ၊ ခေတ်ကြီးတစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့  ခြုံခြုံငုံငုံ ရေးသလား။ ကဗျာရေးသူဟာ နေရပ်ဒေသတစ်ခုတည်းအကြောင်းပဲရေးသလား။ နေရပ်ဒေသကို ကျော်လွန်ပြီး ရေးသလား။ နေရပ်ဒေသကပဲ ကဗျာရေးဖို့ အကြောင်း ရရှိတာဖြစ်သလား။ ကဗျာဟာ ယဉ်ကျေးမှုတစ်ခုခုနဲ့ပဲ ဆက်စပ်နေရသလား။ ကဗျာဟာ မူလဘာသာစကားနဲ့ မူလယဉ်ကျေးမှုကို ကျော် လွန်သလား။ မိမိရဲ့ ပုဂ္ဂလအမှတ်အသား identity ကိုပဲ မိမိဖက်တွယ်ထားသင့်သလား။ ဒါဟာ မိမိကို ပိုလွတ်မြောက်စေသလား ၊ ကန့် သတ်ချုပ်ချယ်သလား။ မိမိတို့ရဲ့ identity ဆိုတာတွေဟာ ဘယ်လောက်စီးမျောမှုရှိသလဲ။ မိမိဘယ်သူဘယ်ဝါဆိုတာ မိမိကပဲ သတ်မှတ် တာလား ၊ ပတ်ဝန်းကျင်က သတ်မှတ်တာလား။ ကဗျာရေးသူဟာ ပြင်ပမှာ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေ တသဝေမသိမ်းလိုက်နာပေ မယ့် သူ့ကဗျာထဲမှာ အဲဒီစည်းမျဉ်းတွေကို ဆန့်ကျင်ရေးသားသင့်သလား။ ဒါမှမဟုတ် ကဗျာမှာ လိုက်နာပြီး ပြင်ပမှာ ဆန့်ကျင်သလား။ နိုင်ငံခြားကဗျာတွေ လေ့လာတာ မိမိအတွက် ဘာအကျိုးရှိသလဲ။ မိမိရဲ့ ကဗျာကို ဖြည့်ဆည်းသလား ၊ ကြွယ်ဝစေသလား ၊ ချဲ့ထွင်စေ သလား။ ပုံမှန်မရရှိတဲ့ အမြင်တွေရရှိစေသလား။ ကဗျာရေးသူဟာ အစဉ်အလာကနေ ခွဲထွက်ရေးလိုချင်ရင် သူ့ဆန္ဒကို ပိတ်ပင်သင့်သ လား ၊ သူ့ကို`လမ်းမှန်´ရောက်အောင် လမ်းပြပို့ဆောင်ပေးသင့်သလား ၊ သူ့ဆန္ဒကို လွတ်လပ်ခွင့်ပေးသင့်သလား။ ကဗျာဟာ `မြင့်မား´ တဲ့အကြောင်းအရာတွေနဲ့ပဲ ပတ်သက်ရသလား။ ကဗျာဟာ လူ့အဖွဲ့အစည်းကို မြှင့်တင်သင့်သလား။ ကဗျာအနုပညာကိုယ်တိုင်ဟာ `မြင့်မား´တဲ့အရာတစ်ခုလား။ ဥပမာ ၊ နိုင်ငံရေးထက် `မြင့်မား´သလား။ ကဗျာဟာ မြေသားဆန်သင့်သလား။ မြေသားဆန်လိုက်ရင် ကဗျာအနုပညာရဲ့ `မြင့်မြတ်မှု´ဟာ လျော့ကျသွားမလား။ မြေသားဆန်ခြင်းဟာ ကဗျာရဲ့ `မြင့်မြတ်မှု´လား။ ကဗျာဟာ ခံစားမှုအားလုံး ၊ စကားလုံးသုံးစွဲပြောဆိုမှု အားလုံးကို ဖေါ်ပြနိုင်သလား။ ဖေါ်ပြသင့်သလား။ ကဗျာဟာ တိုးတက်သလား။

 

 

 

ဇေယျာလင်း

12 – Dec – 13